ရှေ့သို့
Image

အကျင့်ပျက်ခြစားမှုနဲ့ ကင်မရွန်းရဲတပ်ဖွဲ့ရဲ့ စုံစမ်းစစ်ဆေးမှုကိုခံနေရတဲ့ အီတူး

3:04 PM, 29 September

ကင်မရွန်းဘောလုံးအဖွဲ့ချုပ်ဥက္ကဌ ဆင်မြူရယ်အီတူးဟာ ကင်မရွန်းဒုတိယတန်းကလပ် ဗစ်တိုးရီးယားယူနိုက်တက်ကို တန်းတက်နိုင်ရန် ပွဲပြင်ဆင်မှုတွေပြုလုပ်ခဲ့တယ်လို့ စွပ်စွဲခံထားရပြီး ကင်မရွန်းရဲတပ်ဖွဲ့ရဲ့ စုံစမ်းစစ်ဆေးမှုတွေကို ခံနေရတာဖြစ်ပါတယ်။

အင်တာမီလန်၊ ချဲလ်ဆီးနဲ့ အဲဗာတန်တို့မှာ ကစားခဲ့ဖူးတဲ့ ဘာစီလိုနာ ဂန္ထဝင်ကစားသမားဟောင်းက ဗစ်တိုးရီးယား ယူနိုက်တက်အသင်းဥက္ကဌကို ပွဲပြင်ဆင်ရန်ပြောကြားခဲ့တဲ့ အသံဖိုင်ဟာ လူသိရှင်ကြားပေါက်ကြားလာတာကြောင့် ယခုလို စွပ်စွဲခံထားရတာဖြစ်ပါတယ်။

Camfoot ရဲ့အဆိုအရ ၂၀၂၁ ခုနှစ် ဒီဇင်ဘာလကတည်းက ကင်မရွန်း ဘောလုံးအဖွဲ့ချုပ်ဥက္ကဌအဖြစ် ဆောင်ရွက်ခဲ့တဲ့ အသက်-၄၂ နှစ်အရွယ် ကစားသမားဟောင်းဟာ ဗစ်တိုးရီးယားယူနိုက်တက်ရဲ့ပွဲစဉ်များကို ပြင်ဆင်ခဲ့တယ်လို့ သိရှိရပါတယ်။။ စွပ်စွဲချက်များကို အီတူးနဲ့ ဗစ်တိုးရီးယားအသင်း ဥက္ကဌတို့က ငြင်းဆိုထားသော်လည်း အသင်းရဲ့တန်းတက်နိုင်ရေးကတော့ အဆုံးသတ်သွားခဲ့ပြီဖြစ်ပါတယ်။

The Guardian ရဲ့ဖော်ပြချက်အရ ကင်မရွန်းရဲတပ်ဖွဲ့ဟာ အီတူးကို “အာဏာအလွဲသုံးစားလုပ်မှု၊ အကျင့်ပျက်ခြစားမှု”တွေနဲ့တရားစွဲဆိုသွားမှာဖြစ်တယ်လို့ သိရှိရပါတယ်။ ဒါ့အပြင် ရဲတပ်ဖွဲ့ဟာ အီတူးရဲ့ အဂတိလိုက်စားမှုဆိုင်ရာများကို ကျယ်ကျယ်ပြန့်ပြန့်ဖော်ထုတ်ရန် အဓိကသက်သေများစွာကိုလည်း တွေ့ဆုံမေးမြန်းခဲ့ပြီးဖြစ်ပြီး စုံးစမ်းစစ်ဆေးမှုအတွင်းမှာ လူအယောက် ၄၀ ခန့်ပါဝင်ခဲ့တယ်လို့ ဆိုပါတယ်။

ဗစ်တိုးရီးယားဥက္ကဌသို့ အီတူးပြောကြားခဲ့တဲ့ အသံဖိုင်ထဲမှာ “ကျွန်တော်တို့လုပ်နိုင်တာတွေ ရှိတယ်။ ဒါပေမယ့် သတိကြီးကြီးထားမှဖြစ်မယ် အစ်ကို။ စိတ်မပူပါနဲ့ ကျွန်တော်တို့ ခင်ဗျားကို ၃ မှတ်ပေးပြီး ဒိုင်လူကြီးကို ဆိုင်ငံ့ထားလိုက်မယ်။ ဗစ်တိုးရီးယားက ပထမအဆင့်ကို တန်းတက်သွားမှာပါ။ ဒါက ကျွန်တော်တို့ရဲ့ ရည်မှန်းချက်။ ဒါက ကျွန်တော်တို့ရဲ့အဖွဲ့ချုပ်ပါ။ ဗစ်တိုးရီးယားက ထိပ်ဆုံးကိုတက်စေရမယ်”လို့ ပြောကြားခဲ့တာဖြစ်ပါတယ်။

အီတူးဟာ ပြီးခဲ့တဲ့ ဇွန်လတုန်းက အီတလီအခြေစိုက်သတင်းစာတစ်ခုသို့ “ဘောလုံးလောကမှာ ရင်းနှီးမြှုပ်နှံမယ့်မိတ်ဆွေတစ်ဦးနဲ့ ဆွေးနွေးနေပါတယ်။ အဲဒီအသင်းက ကင်မရွန်းရဲ့အကောင်းဆုံး အသင်းတစ်သင်းဖြစ်လာစေရမယ်” လို့ပြောကြားခဲ့ဖူးပါတယ်။

ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့မှာ ကင်မရွန်းဘောလုံးအသင်းတာဝန်ရှိသူများက အီတူးကို ဖြုတ်ချရန် ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် ဖီဖာထံတောင်းဆိုခဲ့ပါတယ်။ ကင်မရွန်းပရော်ဖက်ရှင်နယ် ဘောလုံးလိဂ်ဥက္ကဌနဲ့ Frcafoot ရဲ့ဒုဥက္ကဌဟောင်း အပါအဝင် တာဝန်ရှိသူတွေက ဖီဖာဘောလုံးအဖွဲ့ချုပ်နဲ့ အာဖရိကဘောလုံးအဖွဲ့ချုပ်ထံ စာတစ်စောင်ရေးသားခဲ့ပြီး အီတူးကို ဘယ်လိုများ ရာထူးမှာ ဆက်ထားနိုင်တာလဲဆိုတာ မေးခွန်းထုတ်ခဲ့ကြပါတယ်။

အာဖရိက ဘောလုံးအဖွဲ့ချုပ်ကတော့ အီတူးရဲ့ မသင့်တော်တဲ့ အပြုအမူတွေကိုဖော်ထုတ်ရန် ဩဂုတ်လအစောပိုင်းမှာ စုံစမ်းစစ်ဆေးမှုတွေ စတင်ပြုလုပ်ခဲ့ပြီး ရက်သတ္တပတ်အနည်းငယ်အကြာမှာတော့ အသံဖိုင် ပေါက်ကြားလာခဲ့တာဖြစ်ပါတယ်။ အီတူးကမူ ပွဲပြင်ဆင်ခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်တွေကို ပြင်းပြင်းထန်ထန်ငြင်းဆန်ထားပါတယ်။

#အီတူး #ကင်မရွန်း