ရှေ့သို့
Image

စိတ်ရှုပ်စရာ TikTok ဗီဒီယိုနဲ့ ပတ်သက်လို့ အိုဆီမန်ကို တောင်းပန်ဖို့ ပျက်ကွက်ခဲ့တဲ့ နာပိုလီ

2:57 PM, 29 September

အခုရက်ပိုင်းအတွင်းထွက်ပေါ်လာတဲ့ စိတ်ရှုပ်စရာ TikTok ဗီဒီယိုနဲ့ပတ်သက်လို့ နာပိုလီအသင်းက အသင်းတိုက်စစ်မှူး အိုဆီမန်အပေါ် လှောင်ပြောင်သရော်စော်ကားဖို့ မရည်ရွယ်ပါဘူးလို့ ရှင်းလင်းထုတ်ပြန်လိုက်ပါတယ်။

ပြီးခဲ့တဲ့တနင်္ဂနွေနေ့၊ ဘိုလော့ဂ်နာနဲ့ ဂိုးမရှိ သရေကျခဲ့တဲ့ပွဲစဉ်အတွင်း ပယ်နယ်တီ အခွင့်အရေးရရှိဖို့ တောင်းဆိုနေတဲ့ အိုဆီမန်ရဲ့ပုံရိပ်တွေဟာ အဆိုပါစိတ်ရှုပ်စရာဗီဒီယိုမှာ ပါဝင်ခဲ့ပြီး ဒီဗီဒီယိုကို နာပိုလီအသင်းရဲ့ TikTok Account က မျှဝေခဲ့တာပါ။ လက်ရှိမှာ ပြန်လည်ဖြုတ်ချလိုက်ပြီဖြစ်တဲ့ အဲ့ဒီရုပ်သံမှတ်တမ်းတိုမှာ နိုင်ဂျီးရီးယား လက်ရွေးစင် တိုက်စစ်မှူးရဲ့ ပယ်နယ်တီလွဲချော်ခဲ့မှုကိုလည်း ဖော်ပြခဲ့ပါတယ်။

အခုလိုလုပ်ဆောင်ခဲ့မှုအပေါ် အိုဆီမန်ရဲ့အေးဂျင့်ဖြစ်သူကာလင်ဒါက အပြင်းအထန်ဝေဖန်ခဲ့ပြီး စီးရီးအေကလပ်ကို ဥပဒေကြောင်းအရ ရင်ဆိုင်သွားမယ်လို့ ကြိမ်းမောင်းခဲ့ပါတယ်။ ဒီဖြစ်ရပ်တွေအပြီး ငါးရက်အကြာမှာ နာပိုလီ အသင်းဘက်က အသက်-၂၄ နှစ်အရွယ် တိုက်စစ်မှူးကို အသင်းရဲ့ရတနာတစ်ပါးအဖြစ် တင်စားခဲ့ပေမယ့် တိုက်ရိုက်တောင်းပန်တာမျိုးမရှိတဲ့ ကြေညာချက်တစ်ရပ်ကို ထုတ်ပြန်လာပါတယ်။

အိုဆီမန်က ပြီးခဲ့တဲ့ဘောလုံးရာသီမှာ ဥရောပရဲ့အထွန်းတောက်ဆုံး တိုက်စစ်မှူးတွေအနက် တစ်ဦးအဖြစ် ထင်ရှားလာခဲ့ပြီး မန်ချက်စတာယူနိုက်တက်၊ ချဲလ်ဆီးတို့ရဲ့ စိတ်ဝင်စားမှုကို ရရှိခဲ့ပါတယ်။ ဒါပေမယ့် စီးရီးအေကလပ်ဘက်ကတော့ သူတို့ရဲ့တိုက်စစ်ကြယ်ပွင့်အတွက် ပြောင်းရွှေ့ကြေးပေါင်သန်း ၁၅၀ အထိ သတ်မှတ်ထားတယ်လို့ သတင်းတွေ ထွက်ပေါ်ခဲ့ပါတယ်။

လတ်တလောထုတ်ပြန်လာတဲ့ ကြေညာချက်ထဲမှာ နာပိုလီက အိုဆီမန်အတွက် ကမ်းလှမ်းမှုတွေကို ပယ်ချခဲ့ပုံနဲ့ ဒီဆုံးဖြတ်ချက်တွေက စကူဒက်တိုချန်ပီယံတွေရဲ့ နိုင်ဂျီးရီးယားတိုက်စစ်ကြယ်ပွင့်အပေါ် တန်ဖိုးထားပုံကို ဖော်ပြနေတယ်လို့ ပါရှိပါတယ်။

“လတ်တလောပြဿနာတွေအပေါ် အမြတ်ထုတ်လာမှုတွေကို ရှောင်ရှားလိုတဲ့ ရည်ရွယ်ချက်ဖြင့် နာပိုလီအသင်းက အခုလိုပဲ တုံ့ပြန်ချင်ပါတယ်။ ကျွန်တော်တို့ကလပ်အသင်း အနေဖြင့် အသင်းရဲ့ ရတနာတစ်ပါးဖြစ်တဲ့ အိုဆီမန်အပေါ် စော်ကားဖို့ (သို့မဟုတ်) မထီမဲ့မြင်ပြုဖို့ ဘယ်တုန်းကမှ ဆန္ဒမရှိခဲ့ပါဘူး။ ဒီအတွက် သက်သေအဖြစ် ပြီးခဲ့တဲ့နွေရာသီကာလအတွင်း တိုက်စစ်မှူးအတွက် ပြည်ပကလပ်တွေရဲ့ ကမ်းလှမ်းမှုတိုင်းကို ကလပ်အသင်းဘက်က ပြတ်ပြတ်သားသားပယ်ချခဲ့ပါတယ်။ ဆိုရှယ်မီဒီယာ (အထူးသဖြင့် TikTok) မှာ အိုဆီမန်ကို ဇာတ်ဆောင်တစ်ဦးအဖြစ် စော်ကားလိုတဲ့ သို့မဟုတ် ကဲ့ရဲ့လိုတဲ့ ရည်ရွယ်ချက်မျိုးမရှိဘဲ ပွင့်လင်းတဲ့နှလုံးသားနဲ့ တီထွင်ဖန်တီးနိုင်စွမ်းရှိတဲ့ ဘာသာစကားတစ်မျိုးကိုပဲ အမြဲအသုံးပြုထားပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ်၊ အိုဆီမန်အနေဖြင့် တိုက်ခိုက်တယ်လို့ မြင်မယ်ဆိုရင် ဒါဟာ အသင်းရဲ့ရည်ရွယ်ချက်မျိုး မဟုတ်ပါဘူး” လို့ နာပိုလီကလပ်အသင်းရဲ့ တရားဝင်သတင်းထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

အခု TikTok ဗီဒီယိုထွက်ပေါ်လာပြီးနောက်ပိုင်း အိုဆီမန်က သူ့ရဲ့လူမှုကွန်ရက်စာမျက်နှာရှိ နာပိုလီအသင်းနဲ့ပတ်သက်တဲ့ အရာတွေကို ဖယ်ရှားပစ်ခဲ့ပါတယ်။ ဒါပေမယ့် နိုင်ဂျီးရီးယားသားက ပြီးခဲ့တဲ့ဗုဒ္ဓဟူးနေ့၊ အူဒီးနီးစ်နဲ့ရင်ဆိုင်ရတဲ့ပွဲစဉ်မှာ အသင်းအတွက် ပါဝင်ကစားပေးခဲ့ပါတယ်။ အူဒီးနီးစ်နဲ့ ပွဲစဉ်အတွင်း အိုဆီမန်က အသင်းအတွက် သွင်းဂိုးရယူပေးခဲ့ပေမယ့် အောင်ပွဲမခံခဲ့ပါဘူး။ နောက်ပိုင်းမှာ နာပိုလီနည်းပြဂါစီယာက လိုင်လီ တိုက်စစ်မှူးဟောင်းဟာ အသင်းအပေါ် ရာနှုန်းပြည့်အာရုံစိုက်ထားတယ်လို့ ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။

#စီးရီးအေ #နာပိုလီ #အိုဆီမန်