ရှေ့သို့
Image

အင်္ဂလန်ဒိုင်လူကြီးတွေကို ငွေကြေးအမြောက်အမြားနဲ့ ဆွဲဆောင်တော့မယ့် ဆော်ဒီ

4:53 PM, 28 September

ဆော်ဒီအာရေးဗျဟာ ၎င်းတို့ရဲ့ ဆော်ဒီပရိုလိဂ်ကို အကောင်းဆုံးပြန်လည်မွမ်းမံနိုင်ရန် ကြိုးစားနေတာကြောင့် ယခုအခါ ကြီးမားတဲ့ ငွေကြေးပမာဏကိုအသုံးပြုပြီး အင်္ဂလန်ပရီးမီးယားလိဂ်မှ ဒိုင်လူကြီးတွေကို ဆွဲဆောင်နိုင်ဖို့ ကြိုးပမ်းသွားမှာဖြစ်ပါတယ်။

ပြီးခဲ့တဲ့ နွေရာသီအပြောင်းအရွှေ့ကာလမှာလည်း ဆော်ဒီပရိုလိဂ်ရဲ့ ကလပ်အသင်းတွေဟာ ဥရောပမှ ပုံရိပ်မြင့်ကစားသမားတွေကိုခေါ်ယူရန် ငွေကြေးအလွန်အကျွံသုံးစွဲခဲ့ပြီးဖြစ်ပါတယ်။ ဆော်ဒီကလပ်တွေဟာ နေမာ၊ ဘင်ဇီမာ၊ ဟန်ဒါဆန်နဲ့ နာဗက်စ်တို့အပါအဝင် ဥရောပမှ နာမည်ကြီးကစားသမားအများအပြားကို စုဆောင်းထားနိုင်ခဲ့တာဖြစ်ပါတယ်။

ကစားသမားတွေအပြင် ဆော်ဒီတို့ဟာ နာမည်ပြီးနည်းပြတွေဖြစ်တဲ့ လီဗာပူး ဂန္ထဝင်ကစားသမားဟောင်း စတီဗင်ဂျရတ်နဲ့ ဝုဗ်နဲ့ တော့တင်ဟမ်မန်နေဂျာဟောင်း ဆန်တိုတို့ကိုလည်း ဆွဲဆောင်ထားနိုင်ခဲ့ပါတယ်။ ကွင်းတွင်း စွမ်းရည်များကို မြှင့်တင်လာနိုင်ပြီးနောက် ၎င်းတို့ဟာ ယခုအခါ ဒိုင်လူကြီးများဘက်သို့ အာရုံစိုက်လာခဲ့ပြီဖြစ်ပါတယ်။

Times ရဲ့ဖော်ပြချက်အရ ဆော်ဒီလိဂ်ဟာ ပရီးမီးယားလိဂ်ဒိုင်လူကြီးများသာမက ဥရောပထိပ်တန်းလိဂ်များမှ ဒိုင်လူကြီးများကိုလည်း ပစ်မှတ်ထားနေတယ်လို့ သိရှိရပါတယ်။ လက်ရှိမှာ ဆော်ဒီလိဂ်ဟာ နိုင်ငံတကာဒိုင်လူကြီးများကို အရေးပါတဲ့ ပွဲစဉ်တွေမှာသာ အသုံးပြုနေပြီး ရေရှည်မှာ အသုံးပြုနိုင်ရေးအတွက် ဥရောပမှ ဒိုင်လူကြီးများကို ကာလရှည်စာချုပ်များ ချုပ်ဆိုနိုင်ဖို့ စိတ်ဝင်စားနေတာဖြစ်ပါတယ်။

ပြီးခဲ့တဲ့ နွေရာသီမှာ ဆော်ဒီကလပ်တွေဟာ ကစားသမားတွေကို လစာငွေအမြောက်အမြားနဲ့ ဆွဲဆောင်ခဲ့သလို ဒိုင်လူကြီးတွေကိုလည်း လစာငွေအမြောက်အမြားပေးချေပြီး ခေါ်ယူသွားမှာဖြစ်ပါတယ်။ ပရီးမီးယားလိဂ်ဒိုင်လူကြီးတွေဟာ ထိပ်တန်းပွဲစဉ်တွေကိုတာဝန်ယူရပါက တစ်နှစ်ကို ပေါင် ၁ သိန်း ၂ သောင်းနဲ့ ပေါင် ၃ သိန်းအကြားရရှိနိုင်ပြီး ဆော်ဒီပရိုလိဂ်က အဆိုပါနှုန်းထားထက် သိသိသာသာ တိုးမြှင့်ပေးသွားဖွယ်ရှိနေပါတယ်။

ပြီးခဲ့တဲ့ ဧပြီလက ပရီးမီးယားလိဂ်ဒိုင်လူကြီး မိုက်ကယ်အိုလီဗာဟာ အယ်လ်ဟီလယ်နဲ့ ခရစ္စတီယာနိုရော်နယ်ဒိုရဲ့ အယ်လ်နာဆာတို့ ယှဉ်ပြိုင်ခဲ့တဲ့ ပွဲစဉ်မှာ အင်္ဂလန်ပြင်ပပွဲစဉ်အဖြစ် ပထမဆုံးအကြိမ် ကွင်းလယ်ဒိုင်အဖြစ်ဆောင်ရွက်ခဲ့ရာ အခကြေးငွေ ပေါင် ၃၀၀၀ ရရှိခဲ့ပါတယ်။ အိုလီဗာဟာ ဆော်ဒီသို့ခရီးထွက်ခွာကာ တရာဝင်စီးပွားရေးလုပ်ခဲ့တာဖြစ်ပြီး အင်္ဂလန်ထိပ်တန်းပွဲစဉ်တစ်ပွဲကို တာဝန်ယူပါက ရရှိနိုင်တဲ့ အခကြေးငွေထက် ၂ ဆခန့်ကို ကောက်ခံခဲ့တာဖြစ်ပါတယ်။

ဆော်ဒီရှိ ဒိုင်လူကြီးများရဲ့ စံနှုန်းများဟာ ယခင်က မေးခွန်းထုတ်ခံခဲ့ရဖူးပြီး ၂၀၁၇-၁၈ ဘောလုံးရာသီမှာ ပရီးမီးယားလိဂ်ဒိုင်လူကြီးဟောင်း မာ့ခ် ကလက်တန်ဘက်က ဆော်ဒီဒိုင်များဟာ “ပွဲစဉ်ရဲ့ အခြေခံစံနှုန်းများနဲ့ ဥပဒေများကို နားလည်မှုလွဲနေကြတယ်” လို့ပြောကြားခဲ့ဖူးပါတယ်။ ပြီးခဲ့တဲ့ အပြောင်းအရွှေ့ကာလမှာ ဆော်ဒီကလပ်တွေဟာ ဥရောပကြယ်ပွင့်တွေအတွက် စုစုပေါင်း ပေါင်သန်း ၈၀၀ အထိအသုံးပြုခဲ့ပေမယ့် လာမယ့်ဇန်နဝါရီ အပြောင်းအရွှေ့မှာလည်း ကစားသမားတွေထပ်မံခေါ်ယူနိုင်ဖို့ ကြိုးစားသွားဖွယ်ရှိနေပါတယ်။

#အင်္ဂလန် #ဆော်ဒီ