ရှေ့သို့
Image

TikTok မှာ နာပိုလီရဲ့လှောင်ပြောင်မှုအပေါ် မခံမရပ်နိုင်ဖြစ်ပြီး ဥပဒေအရတုံ့ပြန်ဖို့ ကြိုးစားလာတဲ့ အိုဆီမန်

12:55 PM, 27 September

နာပိုလီအသင်းကိုယ်ပိုင် Account က TikTok လူမှုကွန်ရက်မှာ တင်ခဲ့တဲ့ ထူးထူးဆန်းဆန်းဗီဒီယိုတစ်ခုနဲ့ ပတ်သက်ပြီး တိုက်စစ်မှူးအိုဆီမန်က ဥပဒေကြောင်းအရ တုံ့ပြန်ဖို့ စဉ်းစားနေပြီလို့ သိရပါတယ်။

ပြီးခဲ့တဲ့ဘောလုံးရာသီ၊ နာပိုလီအသင်းအတွက် နှစ် ၃၀ ကျော်ကြာ စကူဒက်တိုချန်ပီယံဆုအိပ်မက် အကောင်အထည်ဖော်ရေးခရီးလမ်းမှာ ခြေစွမ်းပြသခဲ့တဲ့ တိုက်စစ်မှူးအပေါ် ပစ်မှတ်ထားလှောင်ပြောင်ထားတဲ့ ဗီဒီယိုတစ်ခုကို သူ့ရဲ့အသင်းကိုယ်တိုင် လူမှုကွန်ရက်မှာ ဖြန့်ချိခဲ့တာပါ။

ဒီဗီဒီယိုမှာ ပြီးခဲ့တဲ့တနင်္ဂနွေနေ့၊ ဘိုလော့ဂ်နာနဲ့ ဂိုးမရှိသရေကျခဲ့တဲ့ ပွဲစဉ်အတွင်း အိုဆီမန်လွဲချော်ခဲ့တဲ့ ပယ်နယ်တီကန်သွင်းမှုအကြောင်း ဖော်ပြထားပါတယ်။ စီးရီးအေ ကလပ်အတွက် ၁၀၇ ပွဲကစား၊ ၆၂ ဂိုးအထိ သွင်းယူပေးထားတဲ့ နိုင်ဂျီးရီးယားသားတိုက်စစ်မှူးရဲ့ ရှားရှားပါးပါးပယ်နယ်တီ လွဲချော်မှုဖြစ်ပေမယ့် ဒီဗီဒီယိုထဲမှာတော့ ပင်နယ်တီပေးဖို့ တောင်းဆိုခဲ့တဲ့ အိုဆီမန်ကို လှောင်ပြောင်ထားတယ်လို့ယူဆရတဲ့ ပုံရိပ်တွေ ပါဝင်နေပါတယ်။

အိုဆီမန်ရဲ့အေးဂျင့် ကာလင်ဒါက ကစားသမားဟာ အခုအချိန်မှာ ပြန်ဖျက်သွားပြီဖြစ်တဲ့ ဗီဒီယိုဖိုင်နဲ့ ပတ်သက်ပြီး သူ့ရဲ့အသင်းအပေါ် ဥပဒေကြောင်းအရ တုံ့ပြန်ဖို့ စဉ်းစားနေတယ်လို့ ဆိုပါတယ်။
Twitter လူမှုကွန်ရက်မှတဆင့် ကာလင်ဒါက “ TikTok လူမှုကွန်ရက်ရှိ နာပိုလီအသင်းရဲ့ official account ပေါ်မှာ ဒီနေ့ဖြစ်ပျက်ခဲ့တဲ့အရာတွေက လက်ခံနိုင်စရာမရှိဘူး။ အိုဆီမန်ကို လှောင်ပြောင်ထားတဲ့ ဗီဒီယိုကို လူသိရှင်ကြားထုတ်ပြန်ခဲ့ပြီး အခု အတော်လေးနောက်ကျပြီးမှ ပြန်ဖျက်လိုက်ကြပါတယ်။ ကစားသမားအပေါ် အလွန်ဆိုးရွားတဲ့ထိခိုက်မှုဖြစ်စေမယ့် ပြင်းထန်တဲ့အချက်တစ်ခုနဲ့အတူ မီဒီယာတွေနဲ့ သတင်းတုတွေအကြား အိုဆီမန်ဆီမှာ ထိခိုက်မှုတွေရှိနေချိန် ဒီလိုအရာမျိုးကို ပြုမူခဲ့တာပါ။ အိုဆီမန်ကို ကာကွယ်ပေးဖို့ ပမာဏခြေလှမ်းအဖြစ် ဥပဒေကြောင်းအရ တုံ့ပြန်ဖို့ စဉ်းစားနေပါတယ်”လို့ ရေးသားခဲ့ပါတယ်။

နာပိုလီအသင်းဘက်ကတော့ အခုဗီဒီယိုနဲ့ ဆက်စပ်ကာ ဖြစ်ပေါ်လာတဲ့ အခြေအနေတွေအပေါ် တရားဝင်တုံ့ပြန်လာတာမျိုး မရှိသေးပါဘူး။

#စီးရီးအေ #နာပိုလီ #အိုဆီမန်