ရှေ့သို့
Image

အေစီမီလန်နဲ့ စာချုပ်သက်တမ်းတိုးခဲ့တဲ့ အကြောင်းအရင်းကို ရှင်းပြလာတဲ့ လီယာအို

4:48 PM, 26 September

အေစီမီလန်တိုက်စစ်မှူး ရာဖေးလ်လီယာအိုက အသင်းနဲ့စာချုပ်သက်တမ်းတိုးမြှင့်ခဲ့တဲ့ အကြောင်းအရင်းကိုဖွင့်ဟလာခဲ့ပြီး အသင်းရဲ့အနာဂတ်နဲ့ပတ်သက်ပြီးတော့လည်း ဆွေးနွေးမှုတွေပြုလုပ်ခဲ့ပါတယ်။

ပေါ်တူဂီလက်ရွေးစင်ကစားသမားဟာ ပြီးခဲ့တဲ့နွေရာသီအပြောင်းအရွှေ့ကာလ အစောပိုင်းတုန်းက အေစီမီလန်နဲ့ ၅ နှစ်သက်တမ်းရှိ ကာလရှည်စာချုပ်သစ် တစ်ရပ်ချုပ်ဆိုခဲ့တာဖြစ်ပြီး ၎င်းက "အသင်းက လမ်း‌ကြောင်းမှန်ပေါ်မှာ ရောက်နေတယ်လို့ ကျွန်တော်ထင်ပါတယ်။ ပြီးခဲ့တဲ့ရာသီမှာလည်း ချန်ပီယံလိဂ် ဆီမီးဖိုင်နယ်အဆင့်အထိ တက်လှမ်းနိုင်ခဲ့ပါတယ်။ အခုချိန်မှာတော့ အသင်းရဲ့ ရည်မှန်းချက်တွေကို ဆက်လက်မြှင့်တင်၊ ဆက်လက်ပေါင်းထည့်ပြီး ဆက်လက်သန်မာအောင်တည်ဆောက်သွားရမှာပါ။ ပြီးတော့ မကြာမီမှာ ကျွန်တော်တို့အသင်းဟာ ချန်ပီယံလိဂ်ဖလားကို ဆွတ်ခူးနိုင်လိမ့်မယ်လို့ ယုံကြည်ပါတယ်။ ဒါက ကျွန်တော်တို့ရဲ့ ရည်မှန်းချက်ပါပဲ။ ကျွန်တော်က အသက်ငယ်ပေမယ့် ကြီးကျယ်တဲ့အရာတွေကို ဆွတ်ခူးချင်တဲ့ ကစားသမားတစ်ယောက်ပါ။ ချန်ပီယံလိဂ်ဖလားက ကစားသမားတိုင်းရဲ့ အိပ်မက်ဖြစ်ပြီး ကျွန်တော်တို့အသင်းကလည်း အဲဒီဖလားကို ဆွတ်ခူးနိုင်ဖို့ အလုပ်ကြိုးစားနေကြပါတယ်"လို့ပြောကြားခဲ့ပါတယ်။

ဆက်လက်ပြီး "ကျွန်တော်တို့က အသက်ငယ်ပေမယ့် စီးရီးအေမှာ ပွဲပေါင်း ၅၀ ကျော်အထိ ကစားခဲ့ပြီးပါပြီ။ ပြီးတော့ ချန်ပီယံလိဂ်မှာလည်း ပွဲ ၂၀ ကျော်ကစားထားတာကြောင့် ကျွန်တော်တို့မှာ အတွေ့အကြုံတွေ ရှိနှင့်ပြီးသားပါ။ ဒီအတွေ့အကြုံတွေနဲ့ ငယ်ရွယ်မှုစွမ်းအားကိုပေါင်းစပ်ပြီး သွင်းဂိုးတွေရယူနိုင်မယ်လို့ ယုံကြည်ပါတယ်" လို့ပြောကြားခဲ့ပါတယ်။

ဒါ့အပြင် အေစီမီလန်မှာရှိနေတဲ့ သူရဲ့အနာဂတ်နဲ့ ပတ်သက်ပြီး လီယာအိုက "ဒါကတော့ သေချာပေါက်‌ ဘယ်သူမှမပြောနိုင်ပါဘူး။ ဒါပေမယ့် အခုချိန်မှာတော့ ကျွန်တော့်ကို အလွန်ကောင်းမွန်စွာကြိုဆိုခဲ့တဲ့ ကလပ်မှာပဲရှိနေမှာပါ။ ပြီးတော့ စာချုပ်သက်တမ်းလည်းတိုးပြီးပါပြီ။ ဒီကနေထွက်ဖို့ စိတ်ကူးနေမယ်ဆိုရင် ဘာကိစ္စနဲ့ စာချုပ်သက်တမ်းတိုး‌နေဦးမှာလဲ။ မီလန်နဲ့အတူ နောက်ထပ် ၂ နှစ် ဒါမှမဟုတ် ၃ နှစ်အတွင်းမှာ ကြီးမားတဲ့အောင်မြင်မှုတွေရရှိဖို့ အာရုံစိုက်နေပါတယ်" လို့ပြောကြားခဲ့ပါတယ်။

#စီးရီးအေ #အေစီမီလန် #လီယာအို