ရှေ့သို့
Image

အိုဆီမန်နဲ့ အငြင်းပွားမှုအကြောင်း လူသိရှင်ကြားမထုတ်ဖော်လိုတဲ့ နာပိုလီနည်းပြ ရူဒီဂါစီယာ

4:02 PM, 25 September

နာပိုလီနည်းပြရူဒီဂါစီယာနဲ့ တိုက်စစ်မှူး အိုဆီမန်တို့အကြား အငြင်းပွားမှုတစ်ခုကို မြင်တွေ့ခဲ့ရပြီးနောက် နည်းပြဖြစ်သူက ဒီအဖြစ်အပျက်ရဲ့ နောက်ဆက်တွဲ အခြေအနေကို ဖော်ထုတ်သွားဖို့ ဆန္ဒမရှိခဲ့ပါဘူး။

နာပိုလီက ကြားရက်၊ ချန်ပီယံလိဂ်ပြိုင်ပွဲမှာ စပို့တင်းဘရာဂါကို အနိုင်ကစားနိုင်ခဲ့ပေမယ့် ဒီနေ့မနက်ပိုင်း၊ ဘိုလော့ဂ်နာနဲ့ ဂိုးမရှိသရေကျခဲ့ပြီးနောက် စီးရီးအေနောက်ဆုံးသုံးပွဲဆက်နိုင်ပွဲပျောက်မှတ်တမ်းကို ပိုင်ဆိုင်သွားခဲ့ပါတယ်။

ဘိုလော့ဂ်နာနဲ့ ရင်ဆိုင်ရတဲ့ စီးရီးအေ အဝေးကွင်းပွဲစဉ်မှာ နည်းပြရူဒီဂါစီယာက ပယ်နယ်တီအခွင့်အရေးတစ်ကြိမ် လွဲချော်ထားတဲ့ တိုက်စစ်မှူးအိုဆီမန်ကို ပွဲချိန်နှောင်းပိုင်းမှာ လူစားလဲလှယ်ဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ ဒါကြောင့် နိုင်ဂျီးရီးယားသားက နည်းပြအပေါ် ဒေါသအိုးပေါက်ကွဲခဲ့ပြီး အသင်းအတွက် သွင်းဂိုးလိုအပ်ချိန် တိုက်စစ်မှူးနှစ်ဦးထားကစားတာ ပိုအဓိပ္ပါယ်ရှိတယ်လို့ ပြောဆိုခဲ့ပါတယ်။

အခုလိုအငြင်းပွားမှုနဲ့ ပတ်သက်လို့ ပွဲစဉ်အပြီး နည်းပြဂါစီယာက “ပယ်နယ်တီလွဲချော်မှုက ကမ္ဘာ့ဘောလုံးသမိုင်းတလျှောက် အကောင်းဆုံးကစားသမားတွေမှာတောင် ဖြစ်လေ့ဖြစ်ထရှိပါတယ်။ သူ ကွင်းထဲမှ ထွက်ခွာလာချိန်မှာလည်း ကျွန်တော်တို့ ဒီအကြောင်းအရာပဲ ဆွေးနွေးတာပါ။ ကစားသမားတွေကို ကျွန်တော်ပြောခဲ့တဲ့ အရာတွေက အသင်းအဝတ်လဲခန်းထဲမှာ ကျန်နေခဲ့ပါပြီ။အသင်းရဲ့စွမ်းဆောင်ရည်ပိုင်းနဲ့ ပတ်သက်လို့ ကျွန်တော် မပျော်ရွှင်နိုင်ပါဘူး။ ဒါပေမယ့် ကျွန်တော်တို့က ကစားသမားတွေ အများကြီးရှိတဲ့ အသင်းတစ်ခုဖြစ်နေတာကြောင့် ကစားသမားတိုင်းကို အသုံးပြုသွားရပါမယ်။ အိုဆီမန်က ပင်တိုင်ပယ်နယ်တီကန်သွင်းသူ ဖြစ်ပါတယ်”လို့ ပြောပါတယ်။

အိုဆီမန်ရဲ့ ပြဿနာက အခုလိုလူမြင်ကွင်းရှေ့မှောက် ထင်ထင်ရှားရှားပေါ်ထွက်လာပေမယ့် နည်းပြဂါစီယာလက်အောက် ရုန်းကန်နေရတဲ့ ကစားသမားကတော့ သူတစ်ဦးတည်းမဟုတ်ပါဘူး။ ပြီးခဲ့တဲ့ရာသီ စကူဒက်တိုချန်ပီယံဆု ဆွတ်ခူးနိုင်ဖို့ နာပိုလီအတွက် အကောင်းဆုံး ခြေစွမ်းပြသနိုင်ခဲ့တဲ့ ခဗာရက်စ်ခီလီယာလည်း ပြင်သစ်လူမျိုးနည်းပြလက်အောက် အခုဘောလုံးရာသီ သွင်းဂိုးရယူနိုင်ခြင်း မရှိသေးပါဘူး။

#စီးရီးအေ #ဂါစီယာ #နာပိုလီ #အိုဆီမန်