ရှေ့သို့
Image

မော်ရင်ဟိုနဲ့ ကွန်တီတို့ကို မှားယွင်းခေါ်ယူမိခဲ့တယ်လို့ လီဗိုင်း ဝန်ခံပြောကြား

8:44 AM, 21 September

တော့တင်ဟမ်ဥက္ကဌ လီဗိုင်းက မော်ရင်ဟို နဲ့ ကွန်တီတို့ကို မှားယွင်းခေါ်ယူမိခဲ့တယ်လို့ ဝန်ခံပြောကြားလိုက်ပါတယ်။

မော်ရင်ဟိုကို ၂၀၁၉ တုန်းက ပိုချက်တီနိုနေရာမှာ အစားထိုးခေါ်ယူခဲ့တာဖြစ်ပေမယ့် ၁၈ လသာ ကြာခဲ့တာဖြစ်ပါတယ်။ အဲ့နောက် ကွန်တီကလည်း ထို့နည်းတူ မတ်လတုန်းက ထွက်ခွာခဲ့တာဖြစ်ပြီး အခု ပိုစတီကိုဂလူက အစားဝင်လာခဲ့တာဖြစ်ပါတယ်။

လီဗိုင်းကတော့ သူ့အနေနဲ့ ဖိအားတွေကြောင့် နာမည်ကျော်နည်းပြတွေကို ခန့်အပ်မိခဲ့တယ်လို့ ဝန်ခံပြောကြားခဲ့ပါတယ်။ အခုချိန်မှာ နည်းပြသစ် ပိုစတီကိုဂလူက စွမ်းဆောင်ရည်ကောင်းတွေ ပြသနေပြီး ပွဲအနည်းငယ်အတွင်း ရလဒ်ကောင်းတွေရယူနိုင်ခဲ့ပါတယ်။

လီဗိုင်းက “အနိုင်မရချင်း ၊ ကစားသမားတွေ နဲ့ ပရိသတ်တွေရဲ့ဖိအားကြောင့် ကျွန်တော် အနိုင်ရရှိဖို့ ၊ ငွေသုံးခဲ့ပြီး နာမည်ကျော်နည်းပြတွေကို ခေါ်ယူခဲ့တာပါ။ အနိုင်ရလုနီးပါး အခိုက်အတန့်အထိဖြစ်ခဲ့သလို ပိုချက်တီနိုနဲ့လည်း အချိန်ကောင်းတွေရှိခဲ့ပါတယ်။ နည်းစနစ်ပိုင်းလည်း အပြောင်းအလဲလုပ်ခဲ့ရပြီး ဆုဖလားရဖူးတဲ့နည်းပြတွေကို ခေါ်ယူခဲ့ရပါတယ်။ ကျွန်တော်တို့ အဲ့တာကို ၂ ကြိမ်တိုင်လုပ်ခဲ့ပါတယ်။ အမှားတွေကနေ သင်ယူရပါမယ်။ သူတို့က ထိပ်တန်းနည်းပြတွေပါ။ ဒါပေမယ့် အသင်းအတွက်တော့ အဆင်မပြေကြပါဘူး။ အခုချိန်မှာတော့ အသင်းအတွက် မှန်ကန်တဲ့နည်းပြကို ခေါ်ယူနိုင်ခဲ့ပြီလို့ ထင်ပါတယ်”လို့ လီဗိုင်းက ပြောကြားခဲ့ပါတယ်။

လီဗိုင်းဟာ တော့တင်ဟမ်နည်းပြ ပိုစတီကိုဂလူ၊ အသင်းခေါင်းဆောင် ဆွန်ဟောင်မင်တို့အပါအဝင် တော့တင်ဟမ်ပရိသတ် ၂၅၀ နဲ့ စကားပြောခဲ့တာဖြစ်ပါတယ်။ အဆိုပါစကားပြောဆိုမှုဟာ နာရီအတော်ကြာခဲ့သလို တော့တင်ဟမ်ဟာ ပရိသတ်တွေရဲ့ ဆန္ဒပြမှုနဲ့ ရင်ဆိုင်နေရတဲ့ အသင်းတွေထဲကတစ်သင်းဖြစ်ပါတယ်။

အခြားတစ်ဖက်မှာတော့ လီဗိုင်းက နည်းပြသစ် ပိုစတီကိုဂလူရဲ့ စွမ်းဆောင်ရည်နဲ့ ပတ်သက်ပြီး ချီးကျူးခဲ့သလို နွေရာသီခေါ်ယူခဲ့တဲ့ ကစားသမားသစ် မက်ဒီဆင်ကလည်း အသင်းကိုအကျိုးပြုနေတာဖြစ်ပါတယ်။ လီဗိုင်းက မက်ဒီဆင်တစ်ယောက် မြို့ခံပြိုင်ဘက် အာဆင်နယ်အသင်းရဲ့ အရောင်ဖြစ်တဲ့ အနီရောင်ကားနဲ့ လေ့ကျင့်ရေးကွင်းမလာဖို့ ပြောကြားခဲ့တာဖြစ်ပါတယ်။

#ကွန်တီ #မော်ရင်ဟို #လီဗိုင်း #ပရီးမီးယားလိဂ်