ရှေ့သို့
Image

အဲဗာတန်နဲ့ ပွဲမှာ ဒဏ်ရာ ရရှိခဲ့တဲ့ မာတီနယ်လီ အခြေအနေအသေးစိတ်ကို ထုတ်ပြန်လိုက်တဲ့ အာဆင်နယ်

11:13 AM, 18 September

အာဆင်နယ်နည်းပြ အာတီတာက မာတီနယ်လီတစ်ယောက် အဲဗာတန်နဲ့ပွဲမှာ ဒဏ်ရာမရခင် တံကောက်ကြောဒဏ်ရာအခြေအနေရရှိခဲ့တယ်လို့ ထုတ်ဖော်ပြောကြားလိုက်ပါတယ်။ ဘရာဇီးသားဟာ ပွဲကစားချိန် ၂၄ မိနစ်မှာ ဒဏ်ရာရရှိခဲ့ပြီး လူစားလဲခံခဲ့ရတာဖြစ်ကာ အဲ့မတိုင်ခင် အာဆင်နယ်အတွက် ဦးဆောင်ဂိုးသွင်းယူပေးခဲ့ပေမယ့် VAR က ပယ်ဖျက်ခဲ့တာဖြစ်ပါတယ်။

မာတီနယ်လီ နေရာကို ထရိုဆက်က လူစားဝင်ခဲ့ပြီး အာဆင်နယ်အတွက် တစ်လုံးတည်းသော အနိုင်ဂိုးကို သွင်းယူပေးခဲ့ပါတယ်။ အာတီတာက ပွဲအပြီးမှာ မာတီနယ်လီဒဏ်ရာ အခြေအနေနဲ့ ပတ်သက်ပြီး “သူတံကောက်ကြောဒဏ်ရာ ခံစားနေရတာပါ။ စစ်ဆေးဖို့ လိုအပ်ပါတယ်”လို့ ပြောကြားခဲ့ပါတယ်။

အာဆင်နယ်ဟာ မာတီနယ်လီဒဏ်ရာ အခြေအနေကို စိုးရိမ်နေပြီး အဲဗာတန်အသင်းကို ကျဉ်းမြောင်းတဲ့ရလဒ်နဲ့ အနိုင်ရရှိခဲ့တာဖြစ်ပါတယ်။ သူတို့ဟာ အဲဗာတန်ကို အနီးပေးထောင့်ကန်ဘောတွေနဲ့ အလုပ်ရှုပ်စေခဲ့ပြီး ထရိုဆက်ရဲ့ဂိုးကလည်း အဆိုပါအခြေအနေကနေ ရရှိခဲ့တာဖြစ်ပါတယ်။

“သူတို့က ဧရိယာထဲမှာဆို သန်မာတာကြောင့် ကျွန်တော်တို့ အလှည့်အပြောင်းလုပ်ခဲ့ရပါတယ်။ ပွဲအတွင်း အစီအစဉ်တစ်ခုဖန်တီးခဲ့ရပြီး ကစားသမားတွေကလည်း အဲ့အတိုင်းလုပ်နိုင်ခဲ့ကြပါတယ်။ ကျွန်တော်တို့ပွဲတွေ အနိုင်ရဖို့ မတူညီတဲ့လက်နက်တွေရှာဖွေထားဖို့ လိုအပ်ပါတယ်။ ထောင့်ကန်ဘောတွေ အများကြီးရခဲ့သလို အဲ့ကနေလည်း အနိုင်ရအောင် လုပ်ဆောင်ရမှာပါ”လို့ အာတီတက ပြောကြားခဲ့ပါတယ်။

အာဆင်နယ်ဟာ ဒီရာသီမှာ ရှုံးပွဲမရှိသေးပဲ ၅ ပွဲ ကစားပြီးချိန်မှာ ၁၃ မှတ်အထိ ရယူထားနိုင်ခဲ့ပါတယ်။

#အာဆင်နယ် #အဲဗာတန် #မာတီနယ်လီ #ပရီးမီးယားလိဂ်