ရှေ့သို့
Image

ဂိုးရရန် ရုန်းကန်နေရချိန် မူဒရစ်ခ်ပါ ဒဏ်ရာရခဲ့တာကြောင့် တိုက်စစ်ကစားသမား ထပ်မံရှာဖွေနေရတဲ့ ချဲလ်ဆီး

1:55 PM, 17 September

အမေရိကန်လုပ်ငန်းရှင် တော့ဒ်ဘိုလီတို့အုပ်စုရဲ့ပိုင်ဆိုင်မှုနဲ့အတူ ချဲလ်ဆီးအသင်းက အပြောင်းအရွှေ့ကာလ ၃ ခုအတွင်း ပြောင်းရွှေ့ကြေး ပေါင် ၁ဘီလီယံအထိ အသုံးပြုကာ ဥရောပအခြေစိုက် ထိပ်တန်ကစားသမားအချို့ကို ခေါ်ယူနိုင်ခဲ့ပေမဲ့ တိုက်စစ်ပိုင်းက ဂိုးရရန်ရုန်းကန်နေရဆဲဖြစ်ပြီး မူဒရစ်ခ်ကပါ ယူရိုခြေစစ်ပွဲအတွင်း ဒဏ်ရာရသွားခဲ့တာကြောင့် တိုက်စစ်ကစားသမား ထပ်မံရှာဖွေနေရတာပဲ ဖြစ်ပါတယ်။


ချဲလ်ဆီးအသင်းက ယခုနှစ်ပရီးမီးယားလိဂ်ပြိုင်ပွဲအတွင်းမှာလည်း ခေါ်ယူအားဖြည့်ထားတဲ့ ကစားသမားတွေရဲ့ ပေါင်းစပ်ကစားဟန် အားနည်းချက်တွေကြောင့် ရလဒ်ကောင်းမွန်ရန် ရုန်းကန်နေရတာဖြစ်ပြီး အထူးသဖြင့် ဂိုးရရန် ခက်ခဲနေတဲ့ တိုက်စစ်ပိုင်းအတွက် ဇန်နဝါရီတွင် ထပ်မံအားဖြည့်ရန် ကြိုတင်စီစဉ်နေတာလည်း ဖြစ်ပါတယ်။


တန်ကြေးမြင့်မားစွာ ပေးချေခေါ်ယူထားရတဲ့ မူဒရစ်ခ်အနေဖြင့် ယူကရိန်းအသင်းရဲ့ ယူရို ၂၀၂၄ အကြိုခြေစစ်ပွဲစဉ်အတွင်းမှာ ပြိုင်ဘက်ကစားသမား ကိုင်လီဝေါ်လ်ကာ နဲ့ တိုက်မိကာ ဒဏ်ရာရခဲ့တာကြောင့် ချဲလ်ဆီးအသင်းရဲ့ ပွဲစဉ်တွေကို ပါဝင်ကစားပေးနိုင်ရန် သေချာမှုမရှိနေတာ ဖြစ်ပါတယ်။


မူဒရစ်ခ်အပြင် ချဲလ်ဆီးအသင်းက ပြီးခဲ့တဲ့ရာသီကြို အပြောင်းအရွှေ့ကာလအတွင်းမှာ ပူပူနွေးနွေး ခေါ်ယူထားခဲ့တဲ့ ဆောက်သမ်တန် ဆယ်ကျော်သက်ကစားသမား လာဗီယာကလည်း နိုင်ငံတကာပွဲစဉ်များအပြီး ကြံ့ခိုင်မှုအခြေအနေအဆင့်သင့်ဖြစ်နေရန် နည်းပြ ပိုချက်တီနိုအနေဖြင့် မျှော်လင့်ထားပေမဲ့ အုပ်စုလိုက်ပြုလုပ်တဲ့ လေ့ကျင့်ရေး အစီအစဉ်အတွင်း ထပ်မံဒဏ်ရာရခဲ့တာကြောင့် အနားယူရဦးမှာ ဖြစ်ပါတယ်။


နည်းပြ ပိုချက်တီနိုရဲ့ ဦးဆောင်မှုနဲ့အတူ ရာသီကြို ခြေစမ်းခရီးစဉ်အတွင်း ရှုံးပွဲမရှိကစားကာ ပုံစံကောင်းရခဲ့ပေမဲ့ ပရီးမီးယားလိဂ်စချိန်တွင်း ရလဒ်ပိုင်း အားနည်းနေတဲ့ ချဲလ်ဆီးအသင်းက တိုက်စစ်ပိုင်းအတွက် လိုက်ပ်ဇစ်စတား ဘင်ဂျမင်ဆက်စ်ကိုအား ပစ်မှတ်ထားနေသလို ပရီးမီးယားလိဂ် အတွေ့အကြုံရင့် ကစားသမားတွေဖြစ်ကြတဲ့ အိုင်ဗန်တိုနေး၊ တိုင်ဝိုအာဝမ်နီယီ၊ အိုလီဝက်ကင်းစ် တို့အား ချိန်ရွယ်နေတာပဲ ဖြစ်ပါတယ်။

#ချဲလ်ဆီး #ပိုချက်တီနို #ပရီးမီးယားလိဂ် #မူဒရစ်