ရှေ့သို့
Image

ရီးရဲလ်မက်ဒရစ်အသင်းအတွက် ကစားပေးခွင့်ရရန် မစောင့်နိုင်အောင် ဖြစ်နေပြီလို့ ဆိုလိုက်တဲ့ ဘရာဇီးစိန်ရိုင်းတုံးလေး အန်းဒရစ်ခ်

3:40 PM, 16 September

နည်းပြ အန်ဆယ်လော့တီရဲ့ ရီးရဲလ်မက်ဒရစ်အသင်းက ပြီးခဲ့တဲ့အပြောင်းအရွှေ့ကာလ အတွင်း ရွှေဘောလုံးဆုရှင် ဘန်ဇီးမားအပါအဝင် ထိပ်တန်းကစားသမားအချို့အား ရောင်းချအပြီးမှာ ထပ်မံအားဖြည့်မှုအနေဖြင့် ခေါ်ယူထားခဲ့တဲ့ ကစားသမားတွေအထဲမှ ဘယ်လင်ဂမ်က ခြေစွမ်းပြနေခဲ့ပြီဖြစ်သလို ဘရာဇီးစိန်းရိုင်းတုံးလေး အန်းဒရစ်ခ်ကပါ မက်ဒရစ်ကလပ်အတွက် ကစားပေးခွင့်ရရန် စိတ်အားထက်သန်နေတာပဲ ဖြစ်ပါတယ်။

လာလီဂါ ချန်ပီယံဆုအပြင် ချန်ပီယံလိဂ်ပြိုင်ပွဲအတွင်းမှာ အောင်မြင်မှုရရေးအတွက် ပြင်ဆင်လုပ်ဆောင်နေတဲ့ ရီးရဲလ်မက်ဒရစ်အသင်းက မိုဒရစ်၊ တိုနီခရူးစ်တို့နေရာအတွက် အားဖြည့်မှုပြုလုပ်တဲ့အနေဖြင့် ဒေါ့မွန်အသင်းနဲ့အတူ ခြေစွမ်းပြကစားနေတဲ့ အသက် ၂၀နှစ်အရွယ် ဘယ်လင်ဂမ်ကို ပြောင်းရွှေ့ကြေး ယူရိုသန်း ၁၀၀ ကျော်ဖြင့် တန်ကြေးမြင့်မားစွာ ပေးချေခေါ်ယူထားခဲ့သလို တိုက်စစ်ပိုင်းအတွက် အန်းဒရစ်ခ်ကိုပါ ကြိုတင်သဘောတူညီမှုရယူထားခဲ့တာ ဖြစ်ပါတယ်။

ချန်ပီယံလိဂ် ပြိုင်ပွဲအတွင်း ၁၄ ကြိမ်အထိ ချန်ပီယံဖြစ်ကာ သမိုင်းတစ်လျှောက် အများဆုံးဆွတ်ခူးထားနိုင်ခဲ့တဲ့ ရီးရဲလ်မက်ဒရစ်အသင်းတွင် ကစားခွင့်ရရန် စိတ်ဆန္ဒပြင်းပြနေတဲ့ အကြောင်းနဲ့ ပတ်သက်လို့ အန်းဒရစ်ခ်က“ကမ္ဘာပေါ်မှာရှိတဲ့ ဆယ်ကျော်သက်ကစားသမားတွေ အားလုံးလောက်က ဥရောပလို ဘောလုံးထိပ်တန်းပြိုင်ပွဲတွေ ထွန်းကားတဲ့နေရာမှာ လာကစားချင်ကြပါတယ်။ ချန်ပီယံလိဂ်နဲ့ ယူရိုပါလိဂ်ပြိုင်ပွဲတွေမှာ ကမ္ဘာ့ထိပ်တန်းကစားသမားတွေ အပြိုင်အဆိုင် ကစားနေကြတာကို အားလုံးက အားပေးနေကြရတာပါ”

“ကွန်ပျူတာရှေ့မှာ ရပ်ပြီး ဘောလုံးပွဲကြည့်ရတဲ့အခါတိုင်း ဝင်ရောက်ကစားချင်တဲ့ ဆန္ဒပြင်းပြခဲ့ရသလို ငယ်ရွယ်စဉ်အချိန်ကတည်းက ဒီပြိုင်ပွဲတွေမှာ ကစားရဖို့ကို တွေးတောနေခဲ့ဖူးပါတယ်။ တကယ်ကို အိမ်မက်ကြီးတစ်ခုပါပဲ” “ပရော်ဖက်ရှင်နယ်ကစားသမားဘဝကို စတင်လိုက်ပြီဆိုတာနဲ့ ကျွန်တော့်အိမ်မက်က ဥရောပမှာ သွားပြီး ဘောလုံးကစားဖို့ပါ။ ကျွန်တော့်အသက် ၁၆နှစ်အရွယ်မှာပဲ ပရော်ဖက်ရှင်နယ် ကစာသမားဘဝကို စတင်နိုင်ခဲ့ပါတယ်။ ယခုအချိန်မှာက ပြည်တွင်းပြိုင်ပွဲအတွင်းမှာ အာရုံစိုက်ထားပါတယ်။ ပြီးရင်တော့ ပိုမိုကောင်းမွန်တဲ့ အရာတွေကို ဖန်တီးသွားချင်ပါတယ်” “ငယ်ငယ်ရွယ်ရွယ်မှာပဲ ကမ္ဘာ့ဘောလုံးစင်မြင့်အထက်ကို တက်လှမ်းခွင့်ရမှာဖြစ်သလို ရီးရဲလ်မက်ဒရစ်လို ထိပ်တန်းကလပ်အသင်းကြီးအတွက် ကစားပေးခွင့်ရဖို့အတွက်လည်း မစောင့်နိုင်အောင် ဖြစ်နေပါတယ်”လို့ ဖွင့်ဟ ပြောဆိုလိုက်တာပဲ ဖြစ်ပါတယ်။

#လာလီဂါ #ရီးရဲလ်မက်ဒရစ် အန်းဒရစ်ခ်