ရှေ့သို့
Image

ချန်ပီယံလိဂ်ကြောင့် အမှတ်လျော့လိမ့်မယ်ဆိုတဲ့ အာစင်ဝင်းဂါးရဲ့ မှတ်ချက်အပေါ် တုံ့ပြန်လိုက်တဲ့ အာတီတာ

8:55 AM, 16 September

နည်းပြကြီး အာစင်ဝင်းဂါးက ချန်ပီယံလိဂ်ပြိုင်ပွဲဟာ အာဆင်နယ်ကို ရမှတ်တွေလျော့စေလိမ့်မယ်လို့ ပြောဆိုခဲ့မှုအပေါ် နည်းပြမီကယ်အာတီတာက တုံ့ပြန်ခဲ့ပြီး ဒီပြိုင်ပွဲဟာ ဂန်းနားတွေအတွက် ကြီးမားတဲ့ အနှောင့်အယှက်ဖြစ်စေမှာ မဟုတ်ဘူးလို့ ပြောခဲ့ပါတယ်။

အာဆင်နယ်အသင်းဟာ ၂၀၁၆-၁၇ရာသီနောက်ပိုင်း ပထမဆုံးအကြိမ်အဖြစ် ချန်ပီယံလိဂ်ဝင်ခွင့်ရခဲ့ပြီး နိုင်ငံတကာပွဲစဉ်တွေအပြီးမှာ ခက်ခဲတဲ့ပွဲစဉ် သုံးပွဲကို ရင်ဆိုင်ရဖို့ ရှိနေပါတယ်။ ဂန်းနားတွေဟာ မနက်ဖြန်ညမှာ အဲဗာတန်ကို အဝေးကွင်းပွဲစဉ်၊ ဗုဒ္ဓဟူးနေ့ညမှာ ပီအက်စ်ဗွီနဲ့ ချန်ပီယံလိဂ်အဖွင့်ပွဲစဉ်၊ လေးရက်အကြာမှာပဲ တော့တင်ဟမ်နဲ့ မြောက်လန်ဒန်ဒါဘီပွဲစဉ်တွေကို ဆက်တိုက်ရင်ဆိုင်ရမှာ ဖြစ်ပါတယ်။

အဆိုပါ ပွဲကျပ်တွေ ရောက်ရှိလာမှုအပေါ် အာစင်ဝင်းဂါးက ချန်ပီယံလိဂ်ပွဲစဉ်တွေကို အာဆင်နယ်အနေနဲ့ သေချာမကိုင်တွယ်ရင် အမှတ်တွေလျော့ကုန်လိမ့်မယ်လို့ အကြံပေးခဲ့တာ ဖြစ်ပါတယ်။ ဒါပေမယ့် အာတီတာကတော့ အာဆင်နယ် အသင်းဟာ ချန်ပီယံလိဂ်နဲ့ ပရီးမီးယားလိဂ်ပွဲကျပ်ပွဲစဉ်တွေကို ရင်ဆိုင်ဖို့ သေချာပြင်ဆင်ထားပြီဖြစ်တယ်လို့ ယုံကြည်နေပါတယ်။

အာတီတာက "ကျွန်တော်တို့ ပြီးခဲ့တဲ့ရာသီကလိုပဲ ကစားရမှာပါ။ ကျွန်တော်တို့ သုံးရက်တစ်ပွဲ ကစားရမှာဖြစ်ပေမယ့် အဲ့ဒီတုန်းကတော့ ယူရိုပါလိဂ်ပါ။ ဒါကြောင့် ပြိုင်ဆိုင်မှုက မတူညီပါဘူး။ "ဒီပြိုင်ပွဲရဲ့ ပြိုင်ဆိုင်မှုနဲ့ မျှော်မှန်းချက်တွေက လုံးဝကို မတူညီသလိုပဲ ကျွန်တော်တို့ကလည်း ၇နှစ်အတွင်း ပထမဆုံးအကြိမ်အဖြစ် ဝင်ရောက်ယှဉ်ပြိုင်ခွင့်ရခဲ့တာပါ။ ဒါပေမယ့် ခုလို ပြန်ကစားရမယ့်အတွက် စိတ်လှုပ်ရှားမိပါတယ်။ ဒီနေရာက ကျွန်တော်တို့ ပါဝင်ချင်တဲ့ ပြိုင်ပွဲပါ။ ကျွန်တော်တို့ ကစားရမယ့် ပွဲစဉ်ဇယားကို ကြည့်လိုက်ရင် ဒီပွဲတွေကို အားလုံးစောင့်နေကြမယ်လို့ ထင်ပါတယ်"လို့ ပြောခဲ့ပါတယ်။

ပီအက်စ်ဗွီနဲ့ တော့တင်ဟမ်ကို သုံးရက်အတွင်း ကစားရမယ့်အပေါ် အာတီတာက "ကျွန်တော် ဒီပွဲစဉ်နှစ်ပွဲအတွက် စိတ်လှုပ်ရှားနေပါတယ်။ အခုတော့ အဲဗာတန်နဲ့ပွဲစဉ်ပဲ ကျွန်တော့်စိတ်ထဲရှိပါတယ်။ သူတို့ကွင်းက ကျွန်တော်တို့ရဲ့ မှတ်တမ်းအကြောင်းလည်း လူတိုင်းသိကြတာပဲလေ။ ပြီးခဲ့တဲ့ ခြောက်နှစ်အတွင်း အဲဗာတန်ကွင်းမှာ ကျွန်တော်တို့ မနိုင်ခဲ့တာကြောင့် အခုတော့ နိုင်ပွဲရဖို့ လိုအပ်ပြီး သူတို့ကို အနိုင်ကစားဖို့ အကောင်းဆုံးလုပ်ရမယ်ဆိုတာလည်း သိပါတယ်။ အရင်တုန်းက ကျွန်တော်တို့ ဒီကွင်းမှာ အကောင်းဆုံးပုံစံ မရခဲ့တာကြောင့် အခုတော့ အဲဗာတန်ကို အနိုင်ယူတာနဲ့ စတင်ရပါမယ်"လို့ ဆိုခဲ့ပါတယ်။

#အာတီတာ #အာဆင်နယ် #အာစင်ဝင်းဂါး #ပရီးမီးယားလိဂ်