ရှေ့သို့
Image

လီဗာပူးကြယ်ပွင့်ဒါဝင်နူနက်ဇ်ရဲ့ ဒဏ်ရာအခြေအနေကို ထုတ်ပြောလာတဲ့ ဥရုဂွေးနည်းပြ ဘီယဲလ်ဆာ

9:55 AM, 14 September

လီဗာပူးကြယ်ပွင့် ဒါဝင်နူနက်ဇ်ဟာ ကြွက်သားနဲ့ ပတ်သက်တဲ့ အခက်အခဲတွေနဲ့ ရုန်းကန်နေရတယ်လို့ ပြောဆိုပြီး တိုက်စစ်မှူးရဲ့ဒဏ်ရာ နောက်ဆုံးအခြေအနေနဲ့ ပတ်သက်လို့ ရှင်းပြလိုက်ပါတယ်။

နူနက်ဇ်က ပြီးခဲ့တဲ့အင်္ဂါနေ့၊ အီကွေဒေါနဲ့ ရင်ဆိုင်ရတဲ့ ဥရုဂွေးရဲ့ကမ္ဘာ့ဖလားခြေစစ်ပွဲစဉ်ကို ပွဲထွက်ပါဝင်ကစားခဲ့ပေမယ့် ပထမပိုင်း ပွဲချိန်အပြီးမှာ နည်းပြဘီယဲလ်ဆာရဲ့ဆုံးဖြတ်ချက်ဖြင့် လူစားလဲလှယ်ခံလိုက်ရလို့ အများက အံ့အားသင့်ခဲ့ကြပါတယ်။ ဒီပွဲစဉ်မတိုင်ခင် ချီလီကို ၃-၁ ဂိုးဖြင့် အနိုင်ရခဲ့တဲ့ ကမ္ဘာ့ဖလားခြေစစ်ပွဲစဉ်မှာ အသက်-၂၄ နှစ်အရွယ်တိုက်စစ်မှူးက ဂိုးဖန်တီးမှုနှစ်ကြိမ် ပြုလုပ်ပြီး ခြေစွမ်းပြသခဲ့သူ ဖြစ်ပါတယ်။

လိဒ်ယူနိုက်တက်နည်းပြဟောင်းဘီယဲလ်ဆာက “နူနက်ဇ်က ကြွက်သားနဲ့ ပတ်သက်တဲ့ အခက်အခဲအချို့နဲ့အတူ အသင်းဆီ ရောက်ရှိလာခဲ့တာပါ။ ဒီအရာတွေက သူ့ရဲ့လုပ်ဆောင်မှုတွေအပေါ် အကန့်အသတ်ဖြစ်စေခဲ့ပါတယ်။ သူက ပြီးခဲ့တဲ့ပွဲစဉ်မှာ ဖိအားပေးတိုက်စစ်ဆင်ဖို့ အစွမ်းကုန်အလုပ်လုပ်ခဲ့တာကြောင့် သူ့ကို အနားပေးဖို့ လိုအပ်နေပြီလို့ ကျွန်တော်တွေးမိခဲ့ပါတယ်”လို့ ပြောပါတယ်။

နူနက်ဇ်က အခုဘောလုံးရာသီမှာ လီဗာပူး အတွက် ခြေစွမ်းပြသနေသူဖြစ်ပြီး ပြီးခဲ့တဲ့လ၊ နယူးကာဆယ်ကို စိန့်ဂျိမ်းစ်ပတ်ခ်မှာ Comeback ဖြင့် အနိုင်ရရှိခဲ့တဲ့ ပွဲစဉ်အတွင်း အရံခုံတန်းမှတဆင့် ဝင်ရောက်ကာ အန်ဖီးလ်ကလပ်အတွက် အဆုံးအဖြတ်သွင်းဂိုးတွေ ရယူပေးခဲ့ပါတယ်။ ဒါ့အပြင် အခုနိုင်ငံတကာသီတင်းပတ်မတိုင်ခင် အက်စတွန်ဗီလာကို သုံးဂိုးပြတ်အနိုင်ရရှိခဲ့တဲ့ ပွဲစဉ်မှာလည်း သူက ယာဂန်ကလော့ပ်ရဲ့အသင်းအတွက် ဂိုးဖန်တီးမှုတစ်ကြိမ် စွမ်းဆောင်ပေးခဲ့ပြန်ပါတယ်။ လာမယ့်စနေနေ့မှာတော့ လီဗာပူးက ဝုဗ်ကို အဝေးကွင်းမှာ ရင်ဆိုင်ကစားရဖို့ ရှိနေပြီး ဒီပွဲစဉ်အတွက် နူနက်ဇ်မှာ ကြံ့ခိုင်မှုပြည့်ဝနေမလားဆိုတာ စောင့်ကြည့်သွားရပါလိမ့်မယ်။

ပြီးခဲ့တဲ့နွေရာသီမှာ ပြောင်းရွှေ့ကြေးပေါင် ၈၅ သန်းဖြင့် ရောက်ရှိလာတဲ့ နူနက်ဇ်က မာဆေးဆိုဒ်ကလပ်အတွက် ၄၆ ပွဲကစား၊ ၁၇ ဂိုးသွင်း၊ ဂိုးဖန်တီးမှုငါးကြိမ် စွမ်းဆောင်ပေးထားပါတယ်။

#လီဗာပူး #လိဒ်စ်ယူနိုက်တက် #ဘီယဲလ်ဆာ #ဒါဝင်နူနက်ဇ် #ပရီးမီးယားလိဂ်