ရှေ့သို့
Image

ပေါ်တူဂီရဲ့စံချိန်တင်ဂိုးပြတ်နိုင်ပွဲ၊ ဝေးလ်နဲ့ ခရိုအေးရှားတို့ မျှော်လင့်ချက်ရှင်သန်ဆဲ ယူရိုခြေစစ်ပွဲ ရလဒ်များ

9:16 AM, 12 September

ယူရို-၂၀၂၄ ခြေစစ်ပွဲစဉ်တွေကို အခုသီတင်းပတ်၊ တနင်္လာနေ့မှာလည်း ဆက်လက်ကစားခဲ့ရာ နာမည်ကြီးပေါ်တူဂီအသင်းက စံချိန်တင်ဂိုးပြတ် နိုင်ပွဲ ရရှိခဲ့သလို နိုင်ပွဲရှာဖွေနိုင်ခဲ့တဲ့ ဝေးလ်၊ ခရိုအေးရှားတို့လည်း ခြေစစ်ပွဲအောင်မြင်ရေး မျှော်လင့်ချက် ဆက်လက်အသက်သွင်းနိုင်ခဲ့ပါတယ်။

ပွဲပယ်ပြစ်ဒဏ်ကြောင့် စီရော်နယ်ဒို မပါဝင်နိုင်ပေမယ့် ပေါ်တူဂီကတော့ အိမ်ကွင်းမှာ လူဇင်ဘော့ကို အခက်အခဲမရှိ ယှဉ်ပြိုင်ကစားနိုင်ခဲ့ပါတယ်။ ဒီပွဲစဉ်မှာ အိမ်ရှင်ပေါ်တူဂီက ပထမပိုင်းပွဲချိန်အတွင်း အင်နာစီယို (၂ ဂိုး)၊ ဂွန်ကာလိုရာမို့စ် (၂ ဂိုး)တို့ဖြင့် ပြိုင်ဘက်ကို လေးဂိုးပြတ်ဦးဆောင်နိုင်ခဲ့ပါတယ်။

ဒုတိယပိုင်းပြန်လည်စတင်ချိန်မှာလည်း အိမ်ရှင်ပေါ်တူဂီက ကစားကွက်အသာစီးနဲ့ ကစားနိုင်ခဲ့ပြီး ဂျိုတာ (၂ ဂိုး)၊ ဟော်တာ၊ ဘရူနိုဖာနန်ဒက်စ်၊ ဂျာအိုဖီးလစ်တို့ရဲ့ သွင်းဂိုးတွေနဲ့အတူ လူဇင်ဘော့ကို ၉-၀ ဂိုးနဲ့ အနိုင်ရရှိခဲ့ပါတယ်။ အခုပွဲစဉ် ရလဒ်ပိုင်းကြောင့် ပေါ်တူဂီက ခြောက်ပွဲကစား၊ ခြောက်ပွဲနိုင် ရလဒ်ပိုင်းဖြင့် ယူရိုခြေစစ်ပွဲ အောင်မြင်ဖို့ အလားအလာကောင်းလာခဲ့ပါတယ်။

ကာတာကမ္ဘာ့ဖလားတတိယဆုရှင် ခရိုအေးရှားကလည်း အဝေးကွင်းမှာ အာမေးနီးယားကို အကြိတ်အနယ်ယှဉ်ပြိုင်ကစားရင်း ကျဉ်းမြောင်တဲ့ရလဒ်ပိုင်းဖြင့် အနိုင်ရရှိခဲ့ပါတယ်။ အခုပွဲစဉ်မှာ ခရိုအေးရှားအတွက် မိုဒရစ်၊ ပါရီဆစ်တို့လို ဝါရင့်ကစားသမားတွေ ပါဝင်လာခဲ့ပေမယ့် တစ်လုံးတည်းသော အနိုင်ဂိုးကို ရရှိဖို့ VAR ရဲ့အကူအညီ ရယူခဲ့ရပါတယ်။

ပါရီဆစ်ရဲ့ကန်ချက်မှတဆင့် လျှံထွက်လာတဲ့ဘောလုံးကို ခရာမာရစ်က အပိုင်ပိတ်သွင်းကာ ခရိုအေးရှား အတွက် အဖွင့်ဂိုးသွင်းယူခဲ့ပေမယ့် ဒီသွင်းဂိုးအတွက် လူကျွံဘောဖြစ်နိုင်ခြေရှိ၊မရှိ ပြန်လည် သုံးသပ်ခဲ့ရပါတယ်။ VAR ရဲ့ အံ့သြလောက်စရာကြာရှည်တဲ့ ပြန်လည်သုံးသပ်မှုဖြစ်စဉ်အပြီးမှာ ခရာမာရစ်ရဲ့သွင်းဂိုးကို ခွင့်ပြုပေးခဲ့လို့ အာမေးနီးယားကစားသမားတွေ စိတ်ပျက်ခဲ့ရပါတယ်။

ဒုတိယပိုင်းပွဲချိန်အတွင်းမှာလည်း စတာနီဆစ် အပိုင်ကန်သွင်းခွင့်ရရှိခဲ့ပေမယ့် အံ့သြလောက်စရာ လွဲချော်သွားခဲ့လို့ ခရိုအေးရှားတို့ နောက်ထပ်သွင်းဂိုး မရရှိတော့ပါဘူး။ အိမ်ရှင်အာမေးနီးယားကလည်း ခရိုအေးရှားကို အကောင်းဆုံး တုံ့ပြန်ဖို့ ကြိုးစားခဲ့ပေမယ့် ညံ့ဖျင်းလှတဲ့ အဆုံးသတ်ပိုင်းကြောင့် လိုအပ်နေတဲ့သွင်းဂိုးတွေ မရှာဖွေနိုင်ခဲ့ပါဘူး။

ပွဲပြီးချိန်မှာတော့ ခရိုအေးရှားက အာမေးနီးယားကို ၁-၀ ဂိုးဖြင့် အနိုင်ရရှိခဲ့ပါတယ်။ အခုပွဲစဉ်ရလဒ်ပိုင်းကြောင့် ခရိုအေးရှားက တူရကီနဲ့ ရမှတ်တူ၊ ဂိုးကွာခြားချက်အသာစီးရယူကာ အုပ်စုဗိုလ် ဖြစ်လာခဲ့ပြီး အာမေးနီးယားကတော့ အုပ်စုတတိယနေရာမှာပဲ ဆက်လက်ရပ်တည်နေပါတယ်။ တဖက်မှာလည်း ဝေးလ်က အုပ်စုတွင်းအားအနည်းဆုံးဖြစ်တဲ့ လတ်ဗီးယားကို အဝေးကွင်းမှာ ရမ်ဆေးရဲ့ ပယ်နယ်တီဂိုး၊ ဘရွတ်စ်ရဲ့ နာကျင်အချိန်ပိုသွင်းဂိုးတွေနဲ့ နှစ်ဂိုးပြတ် အနိုင်ယူကာ ယူရိုခြေစစ်ပွဲအောင်မြင်ရေး မျှော်လင့်ချက်ကို ဆက်လက်အသက်သွင်းနိုင်ခဲ့ပါတယ်။

အခြားပွဲစဉ်ရလဒ်များ
----------------------
ဆလိုဗက်ကီးယား ၃-၀ လက်ချင်စတိန်း
အိုက်စလန် ၁-၀ ဘော့စနီးယားနှင့် ဟာဇီဂိုးဗီနာ

#ပေါ်တူဂီ #ခရိုအေးရှား #ဝေးလ် ယူရို၂၀၂၄ခြေစစ်ပွဲ