ရှေ့သို့
Image

ဘိုလီဗီယားနဲ့ ပွဲစဉ်မတိုင်ခင် နောက်ဆုံးလေ့ကျင့်ခန်းအစီအစဉ်မှာ မပါဝင်ခဲ့တဲ့ မက်ဆီ

9:11 AM, 12 September

လီယွန်နယ်မက်ဆီဟာ ဘိုလီဗီးယားနဲ့ ကမ္ဘာ့ဖလားခြေစစ်ပွဲမတိုင်ခင် အာဂျင်တီးနားအသင်းရဲ့ နောက်ဆုံးလေ့ကျင့်ခန်းအစီအစဉ်မှာ မပါဝင်ခဲ့ကြောင်း သိရပါတယ်။

၃၆နှစ်သားဟာ အီကွေဒေါနဲ့ပွဲစဉ်မှာ ဖရီးကစ်က​နေ ဂိုးသွင်းပြီးနောက် ပင်ပန်းလာခဲ့တာကြောင့် ပွဲပြီးခါနီးမှာ လူစားလဲခဲ့ရပါတယ်။ ယနေ့ညမှာတော့ ပင်လယ်ပြင်အမြင့်ပေ မီတာ၃၀၀၀ကျော်က လာပက်ဇ်ကွင်းထဲမှာ အာဂျင်တီးနားအသင်း ရုန်းကန်သွားရဖို့ ရှိနေပါတယ်။

နည်းပြ စကာလိုနီကတော့ မက်ဆီကို ထည့်သုံး မသုံးဆိုတာ ပွဲမတိုင်ခင် နာရီအနည်းငယ်အလိုမှ ဆုံးဖြတ်ချက် ချသွားမယ်လို့ ပြောထားခဲ့ပါတယ်။ ယမန်နေ့က လေ့ကျင့်ခန်း အစီအစဉ်မှာတော့ မက်ဆီဟာ နည်းပြ စကာလိုနီနဲ့ အတူ ခုံမှာထိုင်ပြီး အသင်းဖော်တွေကို လေ့ကျင့်တာကို ကြည့်နေခဲ့ပါတယ်။

အာဂျင်တီးနား ကစားသမားတွေဟာ ကစားရခက်တဲ့ ဘိုလီဗီးယားရဲ့ အိမ်ကွင်းမှာ အသားကျနိုင်ဖို့ ဘောလုံးအမြန်နှုန်း၊ ပင်လယ်ပြင်ထက်အမြင့်က လေထုအားတို့မှာ ကစားနိုင်မှုအပေါ် လေ့ကျင့်နေခဲ့ပါတယ်။ မက်ဆီဟာ လာပက်ဇ်ကွင်းထဲမှာ တစ်ဂိုးမှ မသွင်းဖူးပေမယ့် ဘိုလီဗီးယားကိုတော့ ၁၁ပွဲရင်ဆိုင်ရာမှာ ၈ဂိုးအထိ သွင်းထားနိုင်ခဲ့ပါတယ်။

ယနေ့ည ဂိုးသွင်းနိုင်ခဲ့ရင်တော့ မက်ဆီဟာ ကမ္ဘာ့ဖလား တောင်အမေရိကဇုန် ခြေစစ်ပွဲတွေမှာ ဂိုးသွင်းအများဆုံး ကစားသမားအဖြစ် လူးဝစ်ဆွာရက်ဇ်ရဲ့ စံချိန်ကို ကျော်ဖြတ်သွားနိုင်တော့မှာ ဖြစ်ပါတယ်။

#ဘိုလီဗီးယား #အာဂျင်တီးနား #ကမ္ဘာ့ဖလားခြေစစ်ပွဲ #မက်ဆီ