ရှေ့သို့
Image

ယူနိုက်တက်ရဲ့ ပထမဆုံး မော်ရိုကို ကစားသမားဖြစ်လာတဲ့အပေါ် ဂုဏ်ယူကြောင်းပြောကြားလာတဲ့ အမ်မရာဘတ်

2:20 PM, 7 September

နွေရာသီအပြောင်းအရွှေ့ကာလရဲ့ နောက်ဆုံးနေ့ရက်တွေမှာ ဖီအိုရင်တီးနားမှ မန်ချက်စတာယူနိုက်တက်သို့ အငှားနဲ့ရောက်ရှိလာခဲ့တဲ့ အမ်မရာဘတ်က ပေါလ်စခိုးစ်၊ ရွိုင်ကိန်းနဲ့ ဒေးဗစ်ဘက်ခမ်းတို့ဟာ ၎င်းရဲ့အကြိုက်ဆုံး ယူနိုက်တက်ကစားသမားတွေဖြစ်ပြီး ကလပ်ရဲ့ ပထမဆုံးမော်ရိုကိုလူမျိုး ကစားသမားဖြစ်လာတဲ့အပေါ် ဂုဏ်ယူမိကြောင်း ဖွင့်ဟပြောကြားလာခဲ့ပါတယ်။

ယူနိုက်တက်ဟာ မော်ရိုကိုကြယ်ပွင့်ကို တစ်ရာသီအငှားနဲ့ခေါ်ယူရန် ယခင်အပတ်က ဖီအိုရင်တီးနားကို ပေါင် ၈ သန်း ပေးချေခဲ့ရပြီး လာမယ့်နွေရာသီ‌အပြောင်းအရွှေ့မှာ အပြီးသတ်ခေါ်ယူမယ်ဆိုပါက ပေါင် ၂၁ သန်း ပေးချေသွားရမှာဖြစ်ပါတယ်။ ယူနိုက်တက်နဲ့ပြုလုပ်ခဲ့တဲ့ ပထမဆုံးအင်တာဗျူးမှာ အမ်မရာဘတ်က ယူနိုက်တက်မှာ အကြိုက်နှစ်သက်ဆုံး ကွင်းလယ်လူ ၃ ဦးကိုထုတ်ဖော်ပြောကြားလာခဲ့ပါတယ်။

အမ်မရာဘတ်က "ယူနိုက်တက်မှာ ထူးချွန်ပြောင်မြောက်တဲ့ ကစားသမားတွေနဲ့ လူငယ်ကွင်းလယ်ကစားသမားတွေ အများအပြားရှိမယ်လို့ထင်ပါတယ်။ ဒါပေမယ့် ယေဘုယျအားဖြင့်တော့ ပေါလ်စခိုး၊ ရွိုင်ကိန်းနဲ့ ဒေးဗစ်ဘက်ခမ်းတို့လို ကွင်းလယ်ကစားသမားတွေကို ပိုကြည့်မိပါတယ်။ ‌‌နောက်ထပ် ကြီးကျယ်ခမ်းနားတဲ့ကစားသမားတွေလည်းအများကြီး ရှိပါသေးတယ်။ ဂယ်ရီနဗီးလ်၊ ရီယိုဖာဒီနန်၊ လူးဝစ်ဆာဟာ၊ ဝိန်းရွန်းနီ၊ ခရစ္စတီယာနိုရော်နယ်ဒို... ကျွန်တော်သူတို့အားလုံးရဲ့ နာမည်တွေထိုင်ရွတ်နေရင် တစ်နာရီလောက်ကြာသွားပါလိမ့်မယ်"လို့ပြောကြားခဲ့ပါတယ်။

အမ်မရာဘတ်ဟာ အစ်ကိုဖြစ်သူ နော်ဒင်အမ်မရာဘတ်ရဲ့ တိုက်တွန်းမှုကြောင့် ကမ္ဘာ့ ပြိုင်ဆိုင်မှုအပြင်းထန်ဆုံးနဲ့ အသန်မာဆုံးလိဂ်လို့ယူဆခံထားရတဲ့ ပရီးမီးယားလိဂ်သို့ပြောင်းရွှေ့ဖြစ်ခဲ့ကြောင်း ပြောကြားခဲ့ပါတယ်။  နော်ဒင်အမ်မရာဘတ်ဟာ ၂၀၁၆ နဲ့ ၂၀၁၈ ခုနှစ်အတွင်း ဝက်ဖို့ဒ်အသင်းနဲ့အတူ ပရီးမီးယားလိဂ်မှာ ကစားခဲ့ဖူးတာဖြစ်ပါတယ်။

ယူနိုက်တက်ဟာ ကာတာကမ္ဘာ့ဖလားပြိုင်ပွဲမှာ မော်ရိုကိုအသင်းနဲ့အတူ ဆီမီးဖိုင်နယ်အထိရောက်ရှိတဲ့အထိ တောက်ပခဲ့တဲ့ ကွင်းလယ်လူကို ခေါ်ယူနိုင်ရန် နွေရာသီအပြောင်းအရွှေ့ကာလအတွင်း စေ့စပ်ညှိနှိုင်းမှုများ အပြင်းအထန်ပြုလုပ်ခဲ့ရပါတယ်။ ယူနိုက်တက်က ကစားသမားကိုအငှားနဲ့ခေါ်ယူလိုသော်လည်း ဖီအိုရင်တီးနားက အပြီးသတ်ရောင်းချချင်ခဲ့တာဖြစ်ပါတယ်။ သို့သော်အဆုံးသတ်မှာတော့ ယူနိုက်တက်တို့ဟာ အသက်-၂၇ နှစ်အရွယ် ကစားသမားကို အငှားနဲ့ခေါ်ယူရန် ညှိနှိုင်းနိုင်ခဲ့တာဖြစ်ပါတယ်။

အမ်မရာဘတ်ရဲ့အေးဂျင့်ဖြစ်သူကလည်း ကစားသမားဟာ ယူနိုက်တက်သို့ပြောင်းရွှေ့ရန်သာ စိတ်အားထက်သန်နေခဲ့တာကြောင့်  အခြားကလပ်တွေရဲ့ကမ်းလှမ်းချက်များကို ငြင်းပယ်ခဲ့တယ်လို့ ဆိုပါတယ်။ အသက်-၂၇ နှစ်အရွယ်ကစားသမားဟာ မန်ချက်စတာယူနိုက်တက်ရဲ့ ပထမဆုံးမော်ရိုကို ကစားသမားဖြစ်လာခဲ့တဲ့အပေါ် ဂုဏ်ယူကြောင်းပြောဆိုခဲ့ပြီး ကလပ်အနေနဲ့ သူရောက်ရှိလာတာနဲ့အတူ ပရိသတ်သန်းပေါင်းများစွာ ထပ်မံရရှိလာလိမ့်မယ်လို့လည နောင်ပြောင်‌ပြောဆိုခဲ့ပါသေးတယ်။

အမ်မရာဘတ်က "ကျွန်တော်အရမ်းဂုဏ်ယူပါတယ်။ မော်ရိုကို ပရိသတ်တွေလည်း ယူနိုက်တက်ကို အားပေးကြတော့မှာဖြစ်လို့ အသင်းအနေနဲ့ နောက်ထပ်ပရိသတ်တွေ သန်းပေါင်းများစွာ ရရှိတော့မှာပါ။ ကျွန်တော့်နိုင်ငံက ပရိသတ်တွေလည်း အရမ်းအရမ်းဂုဏ်ယူနေကြပါတယ်။ ယူနိုက်တက်ပရိသတ်တွေကိုလည်း ပျော်ရွှင်ပြီး ဂုဏ်ယူနိုင်အောင် စွမ်း‌ဆောင်နိုင်လိမ့်မယ်လို့ မျှော်လင့်ပါတယ်"လို့ ပြောကြားခဲ့ပါတယ်။

#မန်ချက်စတာယူနိုက်တက် #အပြောင်းအရွှေ့ #မော်ရိုကို အမ်မရာဘတ်