ရှေ့သို့
Image

ချဲလ်ဆီးကနေ မထွက်ခွာမီ ပိုချက်တီနိုရဲ့ယုံကြည်မှုကိုရခဲ့တယ်လို့ ပြောကြားလိုက်တဲ့ ကီပါ

11:39 AM, 7 September

မန်ဒီထွက်ခွာခဲ့ပြီး ပရီးမီးယားလိဂ်ရာသီသစ်မစခင် တစ်ပတ်အလိုမှာ ဘရိုက်တန်မှ ရောဘတ်ဆန်းချက်ဇ် ရောက်လာပြီးနောက် ရာသီသစ်အစမှာ ချဲလ်ဆီးအသင်းရဲ့ ပထမဦးစားပေးဂိုးသမားဖြစ်လာဖို့ စပိန်နိုင်ငံသားက ကြိုးစားနေပုံရပါတယ်။ သို့သော်လည်း ကော်တွိုက်စ် ACL ဒဏ်ရာရခဲ့ခြင်းက အပြောင်းအရွှေ့ဈေးကွက်တွင် မက်ဒရစ်ကို အမြန်လှုပ်ရှားစေဖို့ တွန်းအားပေးခဲ့သလိုဖြစ်ပြီး ကီပါကလည်း စပိန်သို့တစ်ရာသီအငှားဖြင့်ပြန်လာခဲ့ပါတယ်။

အသက် ၂၈ နှစ် အရွယ်ဂိုးသမားဟာ နွေရာသီမှာတုန်းက ပိုချက်တီနိုထံကနေ သူ့ရဲ့နေရာနှင့် ပတ်သက်ပြီး ထောက်ခံမှုရရှိခဲ့သော်လည်း စတန်းဖို့ဒ်ဘရစ်ခ်ျမှ ထွက်ခွာရန် စိတ်အားထက်သန်ကြောင်း ဝန်ခံခဲ့ပါတယ်။ "ဟုတ်ပါတယ်၊ ဒါက အရမ်းမြန်ပါတယ်" လို့ မက်ဒရစ်သို့ ပြောင်းရွှေ့မှုနှင့် ပတ်သက်ပြီး Marca နှင့် အင်တာဗျူးတွင် ကီပါက ပြောကြားခဲ့ပါတယ်။

"ချဲလ်ဆီးမှာ ပိုချက်တီနိုက ကျွန်တော့်ကို ဆက်နေစေချင်ခဲ့တာပါ။ ကျွန်တော် ကစားရတော့မယ်လို့ သူက ပြောခဲ့တာအမှန်ပါပဲ။ သူ ကျွန်တော့်ကို ယုံကြည်ခဲ့ပေမယ့် အပြောင်းအလဲတစ်ခုက ကျွန်တော့် အတွက် ကောင်းလိမ့်မယ်လို့ ထင်ခဲ့ပါတယ်" "တူချယ်က ကျွန်တော့်ထံ ဖုန်းဆက်ခဲ့ပြီး ဘိုင်ယန်မြူးနစ်သို့ သွားဖို့ နီးစပ်ခဲ့ပါတယ်။ ကံမကောင်းစွာပဲ အသင်းဖော်တစ်ယောက်ရဲ့ ဒဏ်ရာလိုမျိုး အခြေအနေတွေကြောင့် အခုလိုဖြစ်နိုင်ချေတွေ ပေါ်လာပါတယ်"လို့ သူက ပြောပါတယ်။

တူချယ်ရဲ့လက်ထက် ချဲလ်ဆီးမှာ ပွဲထွက်ခွင့်မရရှိခဲ့ပေ့မယ့် ဘိုင်ယန်သို့ ပြောင်းရွှေ့မယ့် သူ့ရဲ့အခွင့်အရေးကို မေးမြန်းရာမှာ ကီပါက "ဟုတ်ပါတယ်၊ ကျွန်တော်က သူ့လက်အောက်မှာ မကစားခဲ့ပေမယ့် နည်းပြတစ်ယောက်ရဲ့ ခေါ်ယူမှုက နည်းနည်းတော့ အားဖြည့်ပေးတယ်ဆိုတာလည်း မှန်ပါတယ်" "နောက်ဆုံးမှာတော့ ရီးရဲလ်မက်ဒရစ်က ရီးရဲလ်မက်ဒရစ်ပါပဲ။ ရီးရဲလ်မက်ဒရစ်က ဖုန်းဆက်လာတဲ့အခါ စဉ်းစားစရာလေးတွေရှိလာခဲ့ပါတယ်" လို့ ပြောပါတယ်။

ကော်တွိုက်စ်ရဲ့ သူ့ရဲ့ အပြန်အလှန်ဆက်ဆံမှုအကြောင်း မေးမြန်းရာမှာ ကီပါက "ခွဲစိတ်တဲ့နေ့နဲ့ အိမ်မှာရှိနေ့ ၂ ရက်လောက်ကလွဲပြီး ကျွန်တော်တို့တွေ နေ့တိုင်းတွေ့ဖြစ်ကြပါတယ်" "ကျွန်တော်တို့က ဗယ်လ်ဒီဗက်စ်မှာ နေ့တိုင်း ရှိနေကြပြီး နေ့တိုင်းလည်း စကားပြောကြပါတယ်"လို့ ပြောပါတယ်။

#ကီပါ #ချဲလ်ဆီး #ပိုချက်တီနို #ပရီးမီးယားလိဂ်