ရှေ့သို့
Image

အာဆင်နယ်ကိုငြင်းပယ်ပြီး ဘာစီလိုနာကို ရွေးချယ်ခဲ့တဲ့ နောက်ကွယ်က အကြောင်းအရင်းကို ဖွင့်ဟလာတဲ့ ဂမ်ဒိုဂန်

10:03 AM, 7 September

မန်ချက်စတာစီးတီး ကွင်းလယ်ကစားသမားဟောင်း ဂမ်ဒိုဂန်က ပြီးခဲ့တဲ့နွေရာသီအပြောင်းအရွှေ့ကာလမှာ အာဆင်နယ်ရဲ့ကမ်းလှမ်းချက်တွေကို လက်ခံရရှိခဲ့သော်‌လည်း ဘာစီလိုနာသို့သာ ပြောင်းရွှေ့ခဲ့ပြီး ယခုအခါ အင်္ဂလန်ပြိုင်ဘက်ကို ငြင်းပယ်ပြီး စပိန်မြေသို့ ပြောင်းရွှေ့ခဲ့ခြင်းရဲ့ ‌နောက်ကွယ်ကအကြောင်းအရင်းကို ဖော်ထုတ်ပြောကြားလာခဲ့တာဖြစ်ပါတယ်။

အသက်-၃၂ နှစ်အရွယ် ကစားသမားဟာ အင်္ဂလန်ပရီးမီးယားလိဂ်ချန်ပီယံ မန်စီးတီးအသင်းမှ စပိန်လာလီဂါချန်ပီယံ ဘာစီလိုနာအသင်းသို့ အလွတ်ပြောင်းရွှေ့ကြေးနဲ့ ထွက်ခွာလာခဲ့တာဖြစ်ပါတယ်။ အပြောင်းအရွှေ့ကာလအတွင်း ဂမ်ဒိုဂန်ရဲ့လက်မှတ်ကို အရယူပြီး စာချုပ် ချုပ်ခေါ်ယူဖို့ကြိုစားနေတဲ့အသင်းတွေထဲမှာ အာဆင်နယ်ဟာလည်း တစ်သင်းအပါအဝင်ဖြစ်ခဲ့ပြီး ဂန်းနားတို့ဟာ ကစားသမားကို ၂ နှစ်စာချုပ်နဲ့ ကမ်းလှမ်းခဲ့တာဖြစ်ပါတယ်။

သို့သော်လည်း ဂျာမနီလက်ရွေးစင်ကစားသမားက ဘာစီလိုနာနဲ့စာချုပ် ချုပ်ဆိုဖို့က ၎င်းရဲ့ငယ်ဘဝအိပ်မက်ဖြစ်တာကြောင့် အခြားကလပ်အသင်းတွေရဲ့ကမ်းလှမ်းချက်တွေကို ငြင်းပယ်ခဲ့တာဖြစ်တယ်လို့ ထုတ်ဖော်ပြောကြားလာခဲ့တာဖြစ်ပါတယ်။

မန်စီးတီး အနေနဲ့ ၎င်းကို ၁ နှစ် ဒါမှမဟုတ် ၁ နှစ်ထက်ပိုတဲ့သက်တမ်းတိုးစာချုပ်နဲ့ ကမ်းလှမ်းခဲ့မယ်ဆိုရင် အီတီဟတ်မှာဆက်နေမှာလားဆိုတဲ့ မေးခွန်းကို ဂမ်ဒိုဂန်က "ရိုးရိုးသားသားပြောရမယ်ဆို ဒါကိုလူတော်တော်များများ မသိပါဘူး။ အဲဒါက ၁ နှစ်လည်းမဟုတ်၊ ၂ နှစ်လည်းမဟုတ်ပါဘူး။ ကစားနေတဲ့ အချိန်တုန်းကတော့ ပြဿနာမရှိပါဘူး။ မန်စီးတီးကလည်း ဆွေးနွေးမှုတွေမပြင်းထန်လာတဲ့အထိ  စောင့်ခဲ့ပါတယ်။ သူတို့သာ ကျွန်တော့်ကို စောစောစီးစီးကမ်းလှမ်းခဲ့မယ်ဆိုရင် အခြေအနေက ကွဲပြားခြားနားနိုင်ပါတယ်။ ဒါပေမယ့် နောက်ပိုင်းမှာတော့ ပြီးပြည့်စုံတဲ့အဆုံးသတ်ဖြစ်လာပါတယ်။ ဘာစီလိုနာမှာ ကစားဖို့က ကျွန်တော့်ရဲ့ငယ်ဘဝအိပ်မက်လည်းဖြစ်ပါတယ်" လို့ ဖြေကြားခဲ့တာဖြစ်ပါတယ်။

ယခုအခါ ဂွမ်ဒိုဂန်ဟာ ဘာစီလိုနာရဲ့ လာလီဂါပွဲစဉ် ၄ ပွဲစလုံးကို ပွဲထွက်ပါဝင်ကစားထားပြီး ဂိုးဖန်တီးမှု ၂ ကြိမ် ပြုလုပ်ထားပါတယ်။ မန်စီးတီးနဲ့အတူ သမိုင်းဝင်ဖလား ၃ လုံးချန်ပီယံဖြစ်ခဲ့တဲ့ ဂွမ်ဒိုဂန်ဟာ မန်စီးတီးရဲ့ အခြေအနေတွေကိုလည်း စောင့်ကြည့်နေဆဲဖြစ်ကြောင်း ဝန်ခံပြောကြားခဲ့ပါတယ်။

၎င်းက "ကျွန်တော် မန်စီးတီးရဲ့ ပွဲစဉ်တိုင်းလိုလိုကို တီဗီက‌နေတစ်ဆင့် အမြဲတမ်းကြည့်ပါတယ်။ ရာသီသစ် မစတင်ခင်မှာလည်း မန်ချက်စတာကိုပြန်သွားပြီး အသင်းဖော်တွေအားလုံးနဲ့အတူ မာရက်ဇ်ရဲ့ နှုတ်ဆက်ပွဲကို တက်ရောက်ခဲ့ပါသေးတယ်။ အဲဒါက အရမ်းကောင်းတဲ့နှုတ်ဆက်ပွဲပါပဲ။ အသင်းဖော်ဟောင်း‌တွေ၊ နည်းပြဟောင်းတွေနဲ့ အဆက်အသွယ်မပြတ်ရှိနေမှာပါ" လို့ပြောကြားခဲ့ပါတယ်။

မန်စီးဟာ စက်တင်ဘာလ ၁၆ ရက်‌နေ့မှာ ပရီးမီးယားလိဂ်ပွဲစဉ်အဖြစ် ဝက်စ်ဟမ်းအသင်းကို အိမ်ကွင်းမှာ လက်ခံယှဉ်ပြိုင်သွားရမှာဖြစ်ပါတယ်။

#ဘာစီလိုနာ #မန်စီးတီး #အာဆင်နယ် #အပြောင်းအရွှေ့ #ဂမ်ဒိုဂန်