ရှေ့သို့
Image

အာဆင်နယ်ရဲ့ပွဲထွက် လူစာရင်းမှာ ရမ်စ်ဒေးကို ဖယ်ရှားပြီး ဒေးဗစ်ရာယာကို ထည့်သွင်းအသုံးပြုဖို့ စဉ်းစားနေတဲ့ အာတီတာ

4:42 PM, 6 September

အာဆင်နယ်နည်းပြ အာတီတာက အသင်းရဲ့ပွဲထွက်ကစားသမား ၁၁ ဦးစာရင်းမှာ ရမ်စ်ဒေးကို ထည့်သွင်းလေ့ရှိရာမှ ယခုအခါ ပြီးခဲ့တဲ့နွေရာသီက ဘရန့်ဖို့ဒ်မှအငှားနဲ့ ခေါ်ယူထားခဲ့တဲ့ ဒေးဗစ်ရာယာကို အစားထိုးထည့်သွင်းဖို့ အလေးအနက်‌စဉ်းစားနေတယ်လို့သိရှိရပါတယ်။

၂၀၂၁ မှာရှက်ဖီးယူနိုက်တက်မှ အာဆင်နယ်သို့ ပြောင်းရွှေ့လာခဲ့တဲ့ ရမ်စ်ဒေးဟာ ပြီးခဲ့တဲ့ရာသီက PFA တစ်နှစ်တာအကောင်းဆုံးအသင်းမှာ ပါဝင်နိုင်ခဲ့ပြီး အာဆင်နယ်ရဲ့ နံပါတ် ၁ ဂိုးသမားနေရာကို အပိုင်စီးထားနိုင်ခဲ့ပါတယ်။ သို့သော် အာဆင်နယ်က ဘရန့်ဖို့ဒ်ဂိုးသမား ဒေးဗစ်ရာယာကို အငှားနဲ့ခေါ်ယူခဲ့ပြီး လာမယ့် ဇန်နဝါရီမှာ အပြီးသတ်ဝယ်ယူခွင့်ပါရှိနေတာကြောင့် ရမ်စ်‌ဒေးအတွက် ဖိအားရှိလာခဲ့တာဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ဩဂုတ်လက မန်စီးတီးကိုအနိုင်ရပြီး ကွန်မြူနတီဒိုင်းဆွတ်ခူးခဲ့တဲ့ပွဲစဉ်အပါအဝင် ရမ်စ်ဒေးဟာ အာဆင်နယ်ရဲ့ ယခုရာသီပရီးမီးယားလိဂ် ပွဲစဉ် ၄ ပွဲစလုံးမှာ ပွဲထွက်ကစားသမားအဖြစ် ပါဝင်ထားပါတယ်။ ယခုအခါ The Mail ရဲ့ဖော်ပြချက်အရ အင်္ဂလန်လက်ရွေးစင်ဂိုးသမားဟာ ၎င်းရဲ့နေရာကို ထိန်းသိမ်းထားနိုင်ရန် ကြိုးစားဖို့လိုအပ်နေပြီး အာတီတာအနေနဲ့ လေ့ကျင့်ရေးအစီအစဉ်တွေမှာ အထင်ကြီးလောက်စရာ စွမ်းဆောင်ရည်တွေကိုပြသထားတဲ့ စပိန်သား ဒေးဗစ်ရာယာကို နံပါတ် ၁ ဂိုးသမားအဖြစ် စတင်အသုံးပြုဖို့ စဉ်းစားနေတယ်လို့သိရှိရပါတယ်။

သတင်းတွေအရ ဒေးဗစ်ရာယာရဲ့ ခံစစ်ကစားနိုင်စွမ်းက အာတီတာရဲ့စိတ်ကြိုက်ဖြစ်လာတယ်လို့ဆိုပါတယ်။ ဖူလ်ဟမ်ကို ၂-၂ နဲ့သရေကျခဲ့တဲ့ပွဲစဉ်ကြောင့် ရမ်စ်ဒေးဟာ ဝေဖန်မှုတွေနဲ့ကြုံ‌တွေ့ခဲ့ရပြီး အာတီတာအနေနဲ့ ရာယာကို စတင်အစားထိုးဖို့ ပြင်ဆင်လာတာဖြစ်ပါတယ်။

အသက်-၂၅ နှစ်အရွယ်ဂိုးသမားဟာ တနင်္ဂနွေနေ့က ယူနိုက်တက်ကို ၃-၁ နဲ့ အနိုင်ရရှိခဲ့တဲ့ ပွဲစဉ်မှာလည်း ရက်ရှ်ဖို့ဒ်ရဲ့ဂိုးကို ခွင့်ပြုခဲ့ရတာကြောင့် ဝေဖန်မှုတွေခံနေရပြီး အဆိုပါ ဦးဆောင်ဂိုးကိုသာ ခွင့်မပြုခဲ့ရပါက အာဆင်နယ်အနေနဲ့ ပွဲကိုပိုမိုထိန်းချုပ်နိုင်လိမ့်မယ်လို့ ပရိသတ်တွေက ယူဆနေကြတာဖြစ်ပါတယ်။

ဒါပေမယ့် အာဆင်နယ်ဂန္ထဝင်ကစားသမားဟောင်း ဒေးဗစ်ဆီးမန်းကတော့ ရမ်စ်ဒေးဘက်မှာ ရှိနေပြီး "ရမ်စ်ဒေးက ဘောလုံးကိုထိအောင်ပုတ်နိုင်ခဲ့ပါတယ်။ လူတွေက အဲဒီဂိုးကို ခွင့်မပြုခဲ့ရရင် ပွဲကို ထိန်းချုပ်နိုင်လိမ့်မယ်လို့ပြောကြပေမယ့် ကျွန်တော်ကတော့ အဲဒီလိုမထင်ပါဘူး။ သူဘောလုံးကို ထိထိရောက်ရောက် ပုတ်နိုင်ခဲ့ပြီး ကံမကောင်းစွာနဲ့ ဘောလုံးက တိုင်ကိုပြီးဝင်သွားခဲ့တာပါ။ သူ့ကိုယ်သူ အတတ်နိုင်ဆုံး အပြည့်အဝဆွဲဆန့်နိုင်ခဲ့တာကြောင့် သူ့အနေနဲ့ လုံးဝအပြစ်မရှိပါဘူး။ အဲဒါကခက်ပါတယ်။ ရက်ရှ်ဖို့ဒ်လိုကစားသမားတစ်ယောက်ကို အခုလို အပြင်ထွက်ပြီးမတားဆီးသင့်ပါဘူး။ သူက ဂိုးတိုင်အထိ ပြေးနိုင်ပြီး အနောက်ကိုပြန်လှည့်နိုင်ပါတယ်။ နောက်တန်းတွေကို လှည့်စားနေတဲ့ရက်ရှ်ဖို့ဒ်ကို ဂိုးသမားအနေနဲ့ ခန့်မှန်းဖို့ခက်ပါတယ်။ သူကန်လိုက်တဲ့အချိန်မှာ ရမ့်စ်ဒေးက ချက်ခြင်း ခြေထောက်တွေကိုလှဲပြီး ဒိုင်ဗင်ပစ်လိုက်ပေမယ့် အတိအကျတော့ မထိခဲ့ပါဘူး။ ရက်ရှ်ဖို့ဒ်ကိုခန့်မှန်းလို့မရတဲ့အခြေအနေဖြစ်တာကြောင့် ကျွန်တော်ဆိုလည်း ဖမ်းနိုင်မှာမဟုတ်ပါဘူး။  ရမ်စ်ဒေးက အတတ်နိုင်ဆုံး ဘောလုံးကိုထိနိုင်ခဲ့တာပါ။ ဒါပေမယ့် သူကံမကောင်းခဲ့ပါဘူး"လို့ ပြောကြားခဲ့ပါတယ်။

#အာတီတာ #အာဆင်နယ် #ရမ်စ်ဒေးလ် #ပရီးမီးယားလိဂ် ဒေးဗစ်ရာယာ