ရှေ့သို့
Image

တော့တင်ဟမ်ကစားသမား မဟုတ်တော့လို့ ဟယ်ရီကိန်းနဲ့ ပြောဆိုဆက်ဆံရတာ လွယ်ကူကြောင်း ပြောကြားလာတဲ့ အန်ကီတီယာ

2:16 PM, 6 September

အာဆင်နယ်အသင်းရဲ့တိုက်စစ်မှူး အန်ကီတီယာဟာ အင်္ဂလန်လက်ရွေးစင်အသင်း အတွက် ပထမဆုံးအကြိမ် ရွေးချယ်ခံခဲ့ရတာကြောင့် ယခုအခါ အသင်းဖော်တွေ‌‌နဲ့အတူ လေ့ကျင့်ခန်းဆင်းနေရပြီး ပြီးခဲ့တဲ့နွေရာသီအပြောင်းအရွှေ့ကာလမှာ တော့တင်ဟမ်မှထွက်ခွာသွားခဲ့တဲ့ ဟယ်ရီကိန်းနဲ့ ဆက်‌ဆံရေးဟာ လွယ်ကူတယ်လို့ ဖွင့်ဟပြောကြားလာခဲ့တာဖြစ်ပါတယ်။

အသက်-၃၀ နှစ်အရွယ် အင်္ဂလန်အသင်းခေါင်းဆောင်ဟယ်ရီကိန်းဟာ တော့တင်ဟမ်အကယ်ဒမီမှာ ၁၉ နှစ်ကြာ နေထိုင်ခဲ့ပြီး ပြီးခဲ့တဲ့နွေရာသီကမှ ဘွန်ဒက်စ်လီဂါချန်ပီယံ ဘိုင်ယန်မြူးနစ်သို့ ‌ပြောင်းရွှေ့သွားခဲ့တာဖြစ်ပါတယ်။ အသက်-၂၄ အရွယ် အန်ကီတီယာဟာ ပထမဆုံးအကြိမ်အဖြစ် ဆောက်ဂိတ်ရဲ့အင်္ဂလန်လက်ရွေးစင်အသင်း အတွက် ရွေးချယ်ခံခဲ့ရပြီး အသင်းနဲ့ ပူးပေါင်းရာမှာ ဟယ်ရီကိန်းဟာ ထူးချွန်ပြောင်မြောက်တဲ့တိုက်စစ်မှူးတစ်ဦးဖြစ်ပြီး ၎င်းအနေနဲ့ တော့တင်ဟမ်ရဲ့စံချိန်တင်ဂိုးသွင်းရှင်ထံမှ သင်ယူစရာတွေအများအပြားရှိနေကြောင်း ဝန်ခံပြောကြားခဲ့ပါတယ်။

ကိန်းနဲ့လေ့ကျင့်ရတာနဲ့ ပတ်သက်ပြီး မေးမြန်းတဲ့အခါ အန်ကီတီယာက "တကယ်ကောင်းပါတယ်။ သူက ကမ္ဘာ့အဆင့်တိုက်စစ်မှူးပါ။ ဒီနေ့က ကျွန်တော့်ရဲ့ ပထမဆုံး ပူပေါင်းတဲ့ နေ့ဖြစ်တာကြောင့် သူတို့ဆီအကြံဉာဏ်တွေကို မှတ်သားပြီး သင်ယူနိုင်ဖို့ကြိုးစားသွားရမှာပါ။ အခုချိန်က သင်ယူဖို့၊ ကိုယ့်ကိုယ်ကိုယ်တိုးတက်အောင်ပြုလုပ်ဖို့၊ ထိပ်တန်းတိုက်စစ်မှူးတစ်ယောက်အနေနဲ့ ဘာ‌တွေလုပ်လဲဆိုတာ နဲ့ ပွဲကစားဖို့ဘယ်လိုပြင်ဆင်လဲဆိုတာ စောင့်ကြည့်ဖို့အခွင့်အရေးပါပဲ။ သူကတကယ်ကောင်းတဲ့ တိုက်စစ်မှူးပါ။  ကျွန်တော့်ဖုန်းထဲမှာ ဟယ်ရီကိန်းကို မေးစရာရှိတာကို မှတ်စုလုပ်ပြီးသိမ်းထားတာရှိပါတယ်။ အခု အသုံးချသွားရတော့မှာပါ"လို့ ဖြေကြားခဲ့ပါတယ်။

ဆက်လက်ပြီး ကိန်းအနေနဲ့ ဘိုင်ယန်မြူးနစ်သို့ ပြောင်းရွှေ့သွားတဲ့ အကြောင်းအရာနဲ့ပတ်သက်ပြီး မေးမြန်းတဲ့အခါ အန်ကီတီယာက "ဒီအကြောင်းကို သူနဲ့ပြောရတာက လွယ်ပါတယ်။ အခုတော့ သူပြောင်းရွှေ့သွားခဲ့ပြီပေါ့။ သူကထူးချွန်တဲ့ ကစားသမားတစ်ဦးဖြစ်တာကြောင့် အသင်းသစ်မှာလည်း အဆင်ပြေမယ်လို့ယုံကြည်ပါတယ်" လို့ဖြေကြားခဲ့တာဖြစ်ပါတယ်။ အန်ကီတီယာဟာ ယခုရာသီမှာအာဆင်နယ်အတွက် ၄ ပွဲအထိ ပါဝင်ကစားကာ ၂ ဂိုး သွင်းယူထားနိုင်ပေမယ့် တိုက်စစ်မှူး ဂါဘရီရယ်ဂျီးဆပ်စ် ဒဏ်ရာမှ ပြန်လည်သက်သာလာတာကြောင့် နောက်ပွဲတွေမှာ ပွဲကစားချိန် လျော့နည်းလာနိုင်ချေရှိပါဝယ်။ သို့သော်ကစားသမားက အဆိုပါကိစ္စရပ်နဲ့ပတ်သက်ပြီး စိတ်ပူခြင်းမရှိဘဲ ၎င်းနဲ့ဘရားဇီး လက်ရွေးစင်တို့ဟာ ကောင်းမွန်တဲ့ဆက်ဆံ‌ရေးရှိကြောင်း ရှင်းလင်းပြောကြားခဲ့ပါတယ်။

ကစားသမားက "ဂါဘရီရယ်ဟာ ထူးချွန်ပြောင်‌မြောက်တဲ့ကစားသမား တစ်ဦးဖြစ်ပြီး ကွင်းပြင်ပမှာလည်း လူကောင်းတစ်ယောက်ဖြစ်တာကြောင့် ကျွန်တော်တို့ကြားထဲမှာ ဆက်ဆံရေးကောင်းရှိပါတယ်။ ပြီးတော့ သူနဲ့ယှဉ်ပြိုင်ရတာ ကောင်းပါတယ်။ ဒီလိုယှဉ်ပြိုင်မှုက သူ့အတွက်ရော ကျွန်တော့်အတွက်ပါ တိုးတက်စေပါတယ်။ ကျွန်တော်တို့နှစ်ယောက်စလုံး အသင်းကို ကူညီချင်တာဖြစ်လို့ အချင်းချင်းတွန်းအားပေးပြီး လေ့ကျင့်ကြပါတယ်။ ဒါဟာကောင်းမွန်တဲ့ ဆက်ဆံရေးရှိတဲ့ ပြိုင်ဆိုင်မှုဖြစ်ပြီး တစ်ယောက်နဲ့တစ်ယောက်ပံ့ပိုးမှုတွေလည်းပြုလုပ်ကြပါတယ်"လို့ ပြောကြားခဲ့ပါတယ်။

#တော့တင်ဟမ် #ဟယ်ရီကိန်း #အန်ကီတီယာ #ပရီးမီးယားလိဂ်