ရှေ့သို့
Image

ဝမ်ဘစ်ဆာကာကို ကာလရှည်စာချုပ်သက်တမ်း တိုးဖို့ ဆွေးနွေးနေတဲ့ ယူနိုက်တက်

1:12 PM, 6 September

မန်ချက်စတာယူနိုက်တက် ညာနောက်ခံလူ ဝမ်ဘစ်ဆာကာဟာ နည်းပြအဲရစ်တန်ဟက်ရဲ့ လက်အောက်မှာ ခြေစွမ်း ပိုမိုတိုးတက်လာပြီး ပုံမှန်နေရာရရှိလာတာကြောင့် အိုးလ်ထရက်ဖို့ဒ်မှာ ဆက်လက်ရှိနေရန် ကာလရှည်စာချုပ်သက်တမ်း တိုးဖို့ ဆွေးနွေးနေပြီဖြစ်ပါတယ်။

ဘစ်ဆာကာရဲ့ လက်ရှိစာချုပ်ဟာ အပို ၁၂ လ ရွေးချယ်ခွင့်ရှိသော်လည်း လာမယ့်နွေရာသီမှာကုန်ဆုံးတော့မှာဖြစ်ပါတယ်။ ၂၀၁၉ ခုနှစ်မှာ ခရစ္စတယ်ပဲလေ့စ်မှ ယူနိုက်တက်သို့ ရောက်ရှိလာတဲ့ ဘစ်ဆာကာကို ယခုအခါ တစ်ပတ်လုပ်ခ ပေါင် ၁ သိန်းတန် စာချုပ်သစ်တစ်ရပ်ကို သက်တမ်းတိုးချုပ်ဆိုဖို့ပြင်ဆင်နေတာဖြစ်ပါတယ်။

ယခုအခါနွေရာသီ အပြောင်းအရွှေ့ကာလလည်း ကုန်ဆုံးသွားပြီဖြစ်ပြီး ဘစ်ဆာကာရဲ့ ကိုယ်စားလှယ်များက ကစားသမားကို သက်တမ်းတိုးနိုင်ရေးနဲ့ လစာမြှင့်တင်ရေးတောင်းဆိုလာကြကာ ဆွေးနွေးမှုများ ပြုလုပ်ခဲ့ကြတာကြောင့် ယူနိုက်တက်အနေနဲ့ ကာလရှည်သက်တမ်းတိုးဖို့စီစဉ်နေပြီလို့ သိရှိရပါတယ်။

သို့သော် ယခင် အပြောင်းအရွှေ့ကာလ‌တွေမှာ ယူနိုက်တက်ဟာ နောက်ခံလူကိုရောင်းချရန် အရောင်းစာရင်းတင်ဖူးခဲ့ပြီး အသင်းဟောင်းခရစ္စတယ်ပဲလေ့စ်ကလည်း ကစားသမားကိုပြန်လည်ခေါ်ယူဖို့ ပစ်မှတ်ထားခဲ့တယ်လို့ဆိုပါတယ်။ ထို့နောက် ပြီးခဲ့တဲ့ ဒုတိယရာသီဝက်မှာတော့ အင်္ဂလန်သားဟာ အဲရစ်တန်ဟက်ရဲ့စိတ်ကြိုက်ကစားသမားတစ်ဦးဖြစ်လာခဲ့ပြီး ယူနိုက်တက်ရဲ့ ကာရာဘောင်ဖလားဆွတ်ခူးရေးနဲ့ ချန်ပီယံလိဂ်ဝင်ခွင့်ရရှိရေးတို့မှာ အဓိက အခန်းကဏ္ဍမှ စွမ်းဆောင်ပေးနိုင်ခဲ့တာကြောင့် ယူနိုက်တက်မှ ပုံမှန်ပွဲထွက်ခွင့်ရရှိပြီး ဆက်ရှိနေခဲ့တာဖြစ်ပါတယ်။

ယခုရာသီမှာလည်း ဘစ်ဆာကာဟာ ယူနိုက်တက်ရဲ့ ပွဲထွက်ကစားသမား ၁၁ ဦးစာရင်းမှာ ဆက်တိုက်ပါဝင်နေပြီး ဝုဗ်နဲ့ ယှဉ်ပြိုင်ခဲ့တဲ့ ရာသီအဖွင့်ပွဲစဉ်မှာလည်း အသင်းအတွက်တစ်လုံးတည်းသော အနိုင်ဂိုးကို ဖန်တီးပေးနိုင်ခဲ့ပါတယ်။ ‌ပြီးခဲ့တဲ့မေလမှာလည်း အသင်းနည်းပြ တန်ဟက်က ညာနောက်ခံလူကို ၎င်းရဲ့တိုးတက်ကောင်းမွန်တဲ့ စွမ်း‌ဆောင်ရည်ကြောင့် ချီးကျူးပြောဆိုမှုတွေ ပြုလုပ်ခဲ့ပါသေးတယ်။

တန်ဟက်က "အသင်းရဲ့ကစားသမား‌အများစုတိုးတက်လာသလို ဘစ်ဆာကာလည်း အလွန်တိုးတက်လာပါတယ်။ ဒီလိုတိုးတက်အောင်လုပ်ဖို့ကလည်း မန်နေဂျာနဲ့ နည်းပြဝန်ထမ်းတွေရဲ့ တာဝန်ဖြစ်တာကြောင့် အခုလိုအောင်မြင်အောင် လုပ်နိုင်ခဲ့လို့ တကယ်ပဲဝမ်းသာပျော်ရွှင်မိပါတယ်။ အသင်းစိတ်‌ဓာတ်ကို အခြေခံပြီး တစ်ကိုယ်ကောင်းဆန်မှုတွေ နည်းပါးလာရင် အသင်းက တိုးတက်ပြီးရင်းတိုးတက်လာတာကို တွေ့ရပါလိမ့်မယ်။ လက်ရှိအခြေအနေမှာတော့ ကစားသမားတွေရဲ့တစ်ဦးချင်းစီတိုင်းက တိုးတက်နေပြီး အဲဒီအထဲမှာ ဝမ်ဘစ်ဆာကာ သေချာပေါက်ပါဝင်ပါတယ်"လို့ ပြောကြားခဲ့တာဖြစ်ပါတယ်။

#မန်ချက်စတာယူနိုက်တက် #ဝမ်ဘစ်ဆာကာ #ပရီးမီးယားလိဂ်