ရှေ့သို့
Image

ဗန်ဒိုက်ရဲ့စိန့်ဂျိမ်းစ်ပတ်ခ်ကွင်း အနီကတ်ဖြစ်စဉ်အတွက် ကွင်းတွင်းပြောဆိုမှု အသံဖိုင်တွေ ထုတ်ပြန်လာ

12:53 PM, 6 September

ပြီးခဲ့တဲ့စက်တင်ဘာလ၊ စိန့်ဂျိမ်းစ်ပတ်ခ်ကွင်းမှာ ယှဉ်ပြိုင်ကစားခဲ့တဲ့ နယူးကာဆယ်-လီဗာပူးတို့ ပွဲစဉ်အတွင်း လီဗာပူးနောက်ခံလူ ဗန်ဒိုက်ကို အနီကတ်ပြသခဲ့တဲ့ ဖြစ်စဉ်အတွက် VAR ဒိုင်တွေနဲ့ ကွင်းလယ်ဒိုင်တို့အကြား ကွင်းတွင်းပြောဆိုမှု အသံဖိုင်တွေကို သက်ဆိုင်ရာမှ ထုတ်ပြန်လာပါတယ်။

ပရီးမီးယားလိဂ်ပွဲစဉ်တွေအတွင်း အငြင်းပွားဖွယ်ဖြစ်ရပ်တွေအတွက် လစဉ်ရှင်းလင်တင်ပြပေးသွားဖို့ ရည်ရွယ်ထားတဲ့ အခုဘောလုံးရာသီ ပထမဆုံးအကြိမ် “Match Officials Mic’s Up” အစီအစဉ်မှာ ဒိုင်လူကြီးများအစည်းအရုံးအကြီးအကဲ ဟောင်းဝပ်ဝက်ဒ်က ဗန်ဒိုက်ရဲ့အနီကတ်ပြစ်ဒဏ်အတွက် ကွင်းလယ်ဒိုင်ဂျွန်ဘရုစ်ရဲ့ ဆုံးဖြတ်ချက်အပေါ် ထောက်ခံပေးခဲ့ပါတယ်။

အခုအစီအစဉ်မှာ ပြိုင်ဘက်တိုက်စစ်မှူးအီဆက်ခ်အပေါ် ဥပဒေပကစားခဲ့တဲ့ ဗန်ဒိုက်ကို တိုက်ရိုက်အနီကတ်ပြ ထုတ်ပယ်ဖို့ဆုံးဖြတ်ရာမှာ ကွင်းလယ်ဒိုင်ဂျွန်ဘရုစ်နဲ့ VAR ဒိုင် စတူးဝပ်အက်ဝဲလ်တို့အကြား အဆက်အသွယ်လုပ်ခဲ့တဲ့ အသံဖိုင်တွေကို ထုတ်ပြန်လာခဲ့တာပါ။ အခုဖြစ်စဉ်အတွက် ဂျွန်ဘရုစ်က ဗန်ဒိုက်ကို တိုက်ရိုက်အနီကတ်ဖြင့် ထုတ်ပယ်ခဲ့ကာ ပြိုင်ဘက်အပေါ် သိသိသာသာပြစ်ဒဏ်ကျူးလွန်ခဲ့တယ်လို့ ရှင်းပြပါတယ်။

ဒီဖြစ်စဉ်အတွက် VAR ရဲ့ ပြန်လည်စစ်ဆေးမှု လုပ်ဆောင်နေစဉ်အတွင်းမှာလည်း လီဗာပူးကစားသမားတွေကို အဝေးသို့ထွက်ခွာသွားဖို့ ဂျွန်ဘရုစ်က အမိန့်ပေးခဲ့ပါတယ်။ ဒီနောက်မှာတော့ သူက နောက်ဆုံးဆုံးဖြတ်ချက်ကို စောင့်ဆိုင်းဖို့ ဗန်ဒိုက်ကို ပြောဆိုခဲ့ပြီး “မင်းကို ငါက ထွက်သွားရမယ်လို့ ပြောလာရင် မင်း ချက်ချင်းထွက်ခွာသွားဖို့တော့ လိုအပ်လိမ့်မယ်”လို့ ရှင်းပြခဲ့ပါတယ်။

လီဗာပူးကစားသမားတွေဘက်က ဆက်လက်စောဒကတက်ဖို့ ကြိုးစားနေချိန်မှာပဲ ဘရုဒ်က “ဒါက ပြစ်ဒဏ်ဘောဆိုတာ ရှင်းရှင်းလင်းလင်းပဲ။ နောက်ထပ် မိုက်တိမိုက်ကန်းတွေ ဆက်မလုပ်နဲ့။ အကယ်၍ လူကျွံဘောသာ မဟုတ်ခဲ့ဘူးဆိုရင် အနီကတ်ပဲ”လို့  ဆက်ပြောခဲ့ပါတယ်။

ဒီနောက်မှာတော့ ဂျွန်ဘရုဒ်က “Free-kick. သွား၊ သွား အခုထွက်သွားကြတော့။ ဒါ လူကျွံဘောမဟုတ်ဘူး”လို့ ပြောကြားခဲ့ပေမယ့် လီဗာပူးကပ္ပတိန်ကတော့ ကွင်းတွင်းမှထွက်ခွာဖို့ တွန့်ဆုတ်နေခဲ့သလို အခုဆုံးဖြတ်ချက်အပေါ် လက်ခံပေးနိုင်ဖို့ ခက်ခဲနေခဲ့ပါတယ်။ နောက်ဆက်တွဲ အခြေအနေတွေအရ အက်ဖ်အေက ဗန်ဒိုက်ကို စွဲချက်တင်ထားပြီး အင်္ဂလန်နဲ့ လီဗာပူးတိုက်စစ်မှူးဟောင်း မိုက်ကယ်အိုဝင်ကလည်း “ဒါက ပြစ်ဒဏ်တစ်ခုသတ်မှတ်ဖို့ ဂျွန်ဘရုဒ်ရဲ့ ကောင်းမွန်တဲ့ သက်သေတစ်ခုဖြစ်ပါတယ်။ ဒီဖြစ်ရပ်အတွက် အနီကတ်ပဲဖြစ်ရမယ်”လို့ သုံးသပ်ခဲ့ပါတယ်။

#လီဗာပူး #ဗန်ဒိုက် #ပရီးမီးယားလိဂ်