ရှေ့သို့
Image

ဗန်ဟားလ်ရဲ့အဆိုကို သဘောမတူဘူးလို့ ပြတ်ပြတ်သားသားတုံ့ပြန်လိုက်တဲ့ ဗန်ဒိုက်

10:29 AM, 6 September

၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲဟာ မက်ဆီနဲ့ အာဂျင်တီးနားအသင်း ဗိုလ်စွဲနိုင်ရေးအလို့ငှာ တန်ဆာဆင်ထားတဲ့ ပြိုင်ပွဲတစ်ရပ်ပဲလို့ နယ်သာလန်နည်းပြဟောင်း လူးဝစ်ဗန်ဟားလ်ရဲ့ အံ့အားသင့်ဖွယ်ထုတ်ဖော်ပြောဆိုမှုကို လက်ရှိဒတ်ချ်အသင်းခေါင်းဆောင် ဗန်ဒိုက်က ပယ်ချလိုက်ပါတယ်။

၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲဝင် နယ်သာလန်လက်ရွေးစင်အသင်း နည်းပြအဖြစ် တာဝန်ယူခဲ့တဲ့ ဗန်ဟားလ်က အာဂျင်တီးနားရဲ့ချန်ပီယံပြေးလမ်းမှာ အခြားသူတွေရဲ့ကူညီပေးမှုတွေ ရှိခဲ့တယ်လို့ NOS သတင်းဌာနနဲ့ တွေ့ဆုံချိန် ပြောကြားခဲ့ပါတယ်။ ဒါပေမယ့် လက်ရှိဒတ်ချ်ကပ္ပတိန်ဗန်ဒိုက်ကတော့ နည်းပြဟောင်းရဲ့ သဘောထားအမြင်တွေအပေါ် ပယ်ချခဲ့သလို အငြင်းပွားစရာပြောဆိုမှုတွေကို သဘောမတူဘူးလို့ ပြောဆိုခဲ့ပါတယ်။

NOC သတင်းဌာနနဲ့တွေ့ဆုံချိန် လီဗာပူးနောက်ခံလူက “ဒီနေ့မနက်ပိုင်းမှာပဲ ဒီသတင်းကို ကြားခဲ့ရပါတယ်။ အမှန်ပါပဲ၊ ဒါက သူ့ရဲ့ထင်မြင်ချက်ပါ။ လူတိုင်းမှာ ကိုယ်ပိုင်ထင်မြင်ယူဆခွင့်ဆိုတာ ရှိပါတယ်။ ကျွန်တော့်အနေနဲ့ကတော့ ဒီလိုအမြင်မျိုးကို မဝေမျှပေးနိုင်ပါဘူး”လို့ ပြောပါတယ်။

အာဂျင်တီးနား အသင်းက ကာတာမြေမှာ ကျင်းပတဲ့ ကမ္ဘာ့ဖလားပြိုင်ပွဲ၊ အုပ်စုအဖွင့်ပွဲစဉ်မှာ ဆော်ဒီအသင်းကို အံ့အားသင့်ဖွယ်ရှုံးနိမ့်ခဲ့ပြီးနောက် ၁၉၈၆ ခုနှစ်နောက်ပိုင်း ပထမဆုံးအကြိမ် ကမ္ဘာ့ဖလားချန်ပီယံဆုကို ကိုင်မြှောက်နိုင်ခဲ့ပါတယ်။ အာဂျင်တီးနားရဲ့ ကမ္ဘာ့ဖလားချန်ပီယံပြေးလမ်းမှာ နယ်သာလန်အသင်းနဲ့ရင်ဆိုင်ရတဲ့ ကွာတားဖိုင်နယ်ပွဲစဉ်လည်း ပါဝင်ခဲ့ပြီး ဒီပွဲစဉ်မှာ ပယ်နယ်တီအဆုံးအဖြတ်နဲ့အတူ ပြိုင်ဘက်ကို ကျော်ဖြတ်နိုင်ခဲ့ပါတယ်။

လက်ရှိမှာ မက်ဆီက အာဂျင်တီးနားလက်ရွေးစင်အသင်းနဲ့ ပြန်လည်ပူးပေါင်းပြီး ဘိုလီဗီးယား၊ အီကွေဒေါတို့နဲ့ရင်ဆိုင်ရမယ့် ကမ္ဘာ့ဖလားခြေစစ်ပွဲတွေအတွက် ပြင်ဆင်နေပါတယ်။

#နယ်သာလန် #ဗန်ဒိုက် #မက်ဆီ #ဗန်ဟားလ်