ရှေ့သို့
Image

ယူနိုက်တက်ကို ဝယ်ယူရန် ဆက်လက်ဆွေးနွေးနေဆဲဖြစ်တဲ့ ရှိတ်ဂျာဆင်နဲ့ ဂျင်ရက်ကလစ်ဖ်

9:40 AM, 6 September

ရှိတ်ဂျာဆင်နဲ့ ဂျင်ရက်ကလစ်ဖ်တို့ဟာ မန်ချက်စတာယူနိုက်တက်ကို ဝယ်ယူရန်စိတ်ဝင်စားနေဆဲဖြစ်ပြီး ဆွေးနွေးညှိနှိုင်းမှုများကို ဆက်လက်လုပ်ဆောင်နေဆဲဖြစ်တယ်လို့ သိရှိရပါတယ်။

ရှိတ်ဂျာဆင်နဲ့ ဂျင်ရက်ကလစ်ဖ်တို့ဟာ ယူနိုက်တက်ကိုဝယ်ယူနိုင်ရန် ကောင်းမွန်တဲ့ကမ်းလှမ်းချက်တွေ ကိုယ်စီပြုလုပ်ခဲ့ကြသော်လည်း  ဂလေဇာမိသားစုရဲ့ မြင့်မားတဲ့တောင်းဆိုချက်တွေကြောင့် အရောင်းအဝယ်ဖြစ်လာဖို့ အလားအလာမရှိဘူးလို့ ယူဆနေကြတာဖြစ်ပါတယ်။ သို့သော် အဆိုပါလုပ်ငန်းရှင်နှစ်ဦးစလုံးဟာ ဂလေဇာတွေရဲ့ တောင်းဆိုချက်များနဲ့ ၎င်းတို့ရဲ့ ကမ်းလှမ်းချက်များအကြား ကွာဟမှုကို တတ်နိုင်သမျှ နီးစပ်စေနိုင်ရန် ဆွေးနွေးညှိနှိုင်းမှုများ ဆက်လက်လုပ်ဆောင်ပြီး ယူနိုက်တက်ကို ဝယ်နိုင်ရေးကို လက်လျှော့ခြင်းမရှိသေးဘူးလို့ သိရှိရပါတယ်။

ယခုအခါ ဆွေးနွေးညှိနှိုင်းမှုများဆက်လက်လုပ်ဆောင်နေသော်လည်း ဂလေဇာမိသားစုရဲ့‌တောင်းဆိုချက်များက အလွန်မြင့်မားနေတာကြောင့် လုပ်ငန်းရှင်နှစ်ဦးအနေနဲ့ ဘက်ပေါင်းစုံမှအနှောင့်အယှက်တွေနဲ့ကြုံတွေ့နေရတယ်လို့လည်း သတင်းများထွက်ပေါ်နေပါတယ်။ ကာတာဘဏ်လုပ်ငန်းရှင် ရှိတ်ဂျာဆင်နဲ့ ဗြိတိန်ဘီလီယံနာ ဂျင်ရက်ကလစ်တို့ဟာ ပေါင် ၅ ဘီလီယံ ခန့်တန်ကြေးရှိ ကမ်းလှမ်းချက်များကို အသီးသီးပြုလုပ်ခဲ့ကြသော်လည်း အငြင်းပွားဖွယ်ကိစ္စရပ်များနဲ့ လုံးထွေးနေတဲ့ ဂလေဇာမောင်နှမများက ပရီးမီးယားလိဂ်ကလပ်အသင်း အတွက် ပေါင် ၇ ဘီလီယံမှ ၁၀ ဘီလီယံအကြား အလိုရှိနေတာဖြစ်ပါတယ်။

အဆိုပါများပြားတဲ့တောင်းဆိုချက်တွေနဲ့အတူ ဂလေဇာတွေအနေနဲ့ အိုးလ်ထရက်ဖို့ဒ်ကို ဆက်လက်အုပ်စိုးသွားနိုင်ဖို့ အလားအလာရှိနေတာကြောင့် ယူနိုက်တက်ပရိသတ်များအကြား စိုးရိမ်မှုများမြင့်တက်‌နေတယ်လို့ဆိုပါတယ်။ ဂလေဇာတွေဟာ ယူနိုက်တက်ကိုရောင်းချရန် စီစဉ်နေခဲ့တာဟာ ၁၀ လခန့်ကြာမြင့်နေပြီဖြစ်ပြီး လုပ်ငန်းရှင်နှစ်ဦးရဲ့နောက်ဆုံးကမ်းလှမ်းချက်များကလည်း ပြီးခဲ့တဲ့ ၃ လက ထွက်ပေါ်ခဲ့တာဖြစ်ပါတယ်။

သို့သော်လည်း ယခုအခါ နောက်ထပ်ကမ်းလှမ်းချက်များထပ်မံပြုလုပ်နိုင်ရန် ရှိတ်ဂျာဆင်နဲ့ ဂျင်ရက်ကလစ်ဖ်တို့ရဲ့ ကိုယ်စားလှယ်များက စေ့စပ်ညှိနှိုင်းမှုများ ဆက်လက်လုပ်ဆောင်နေကြောင်း အခိုင်အမာပြောကြားထားတာကြောင့် မကြာမီအချိန်အတွင်းအဖြေတစ်ခုကိုသိရှိရတော့မှာ ဖြစ်ပါတယ်။

#မန်ချက်စတာယူနိုက်တက် #ပရီးမီးယားလိဂ် #ဆာဂျင်မ်ရက်ကလစ်ဖ် #ရှိတ်ဂျာဆင်