ရှေ့သို့
Image

ဂုဏ်ပြုသီချင်းသီဆိုပေးတဲ့ ဘာနေဗျူးပရိသတ်တွေကြောင့် လက်တွေပါ တုန်တယ်ဆိုတဲ့ ဘယ်လင်ဂမ်

1:08 PM, 4 September

ရီးရဲလ်မက်ဒရစ်အသင်းရဲ့ အိမ်ကွင်းမှာ ဂီတာဖေးအသင်းကို လက်ခံကစားခဲ့ရတဲ့ လာလီဂါပွဲစဉ်တွင် နည်းပြအန်ဆယ်လော့တီရဲ့ ရီးရဲလ်မက်ဒရစ်အသင်းက စူပါစတား ဖြစ်နေတဲ့ ကွင်းလယ်ကစားသမားဘယ်လင်ဂမ်ရဲ့ အချိန်ပိုမိနစ် သွင်းဂိုး နဲ့အတူ ၂ဂိုး - ၁ဂိုး ရလဒ်ဖြင့် အနိုင်ရခဲ့ပြီး တေးသီချင်းသံပြိုင်သီဆို ဂုဏ်ပြုပေးကြတဲ့ ပရိသတ်တွေကြောင့် အနိုင်ဂိုးရှင် ဘယ်လင်ဂမ်အနေဖြင့် အံ့အားသင့်ခဲ့ရတာပဲ ဖြစ်ပါတယ်။

ဘာနေဗျူးကွင်းအတွင်းမှာ ယှဉ်ပြိုင်ကစားခဲ့ကြတဲ့အဆိုပါ ပွဲစဉ်တွင် ဧည့်သည် ဂီတာဖေးအသင်းက ပွဲကစားချိန် အစောပိုင်းမှာကတည်းက ဦးဆောင်ဂိုးသွင်းယူကာ ပွဲကို ဦးဆောင်ထားနိုင်ခဲ့ပေမဲ့ ဘယ်လင်ဂမ်ရဲ့ ပွဲကစားချိန် ၉၅မိနစ် အနိုင်သွင်းဂိုး အပါအဝင် ရီးရဲလ်မက်ဒရစ်အသင်းက သွင်းဂိုး ၂ဂိုး သွင်းယူပြီး ပွဲပြီးချိန်မှာ ၂ဂိုး - ၁ဂိုး ရလဒ်ဖြင့် နိုင်ပွဲတစ်ပွဲ ထပ်မံရှာဖွေနိုင်ခဲ့တာ ဖြစ်ပါတယ်။

လာလီဂါ ချန်ပီယံဆုအပြင် ချန်ပီယံလိဂ်ပြိုင်ပွဲအတွင်းမှာ အောင်မြင်မှုရရေးအတွက် ပြင်ဆင်လုပ်ဆောင်နေတဲ့ ရီးရဲလ်မက်ဒရစ်အသင်းက မိုဒရစ်၊ တိုနီခရူးစ်တို့နေရာ အတွက် အားဖြည့်မှုပြုလုပ်တဲ့အနေဖြင့် ဒေါ့မွန်အသင်းနဲ့အတူ ခြေစွမ်းပြကစားနေတဲ့ အသက် ၂၀နှစ် အရွယ် ဘယ်လင်ဂမ်ကို ပြောင်းရွှေ့ကြေး ယူရိုသန်း ၁၀၀ ကျော်ဖြင့် တန်ကြေးမြင့်မားစွာ ပေးချေခေါ်ယူထားခဲ့တာ ဖြစ်ပါတယ်။

ရီးရဲလ်မက်ဒရစ်အသင်းအတွက် လာလီဂါပွဲစဉ် ၄ ပွဲသာ ကစားပြီးချိန်တွင် သွင်းဂိုး ၅ ဂိုး အထိ သွင်းယူနိုင်ခဲ့တဲ့ အသက် ၂၀ နှစ်အရွယ် ဘယ်လင်ဂမ်ရဲ့ စွမ်းဆောင်ရည်က ရွှေဘောလုံး ၅ဆုရှင် ရော်နယ်ဒိုရဲ့ လာလီဂါ အစောပိုင်း နေ့ရက်တွေမှ မှတ်တမ်းတွေကိုပါ လိုက်မီလာစေခဲ့တာ ဖြစ်ပါတယ်။

အနိုင်ဂိုး သွင်းယူအပြီးမှာ ဂုဏ်ပြုတေးသီချင်းသီဆိုပေးခဲ့ကြတဲ့ ဘာနေဗျူးပရိသတ်တွေနဲ့ ပတ်သက်လို့ ဘယ်လင်ဂမ်က“ဘောလုံးကွင်းတစ်ခုအတွင်း ကျွန်တော်ကြာခဲ့ဖူးသမျှ အသံတွေထဲမှာ ဒီအသံက အကျယ်လောင်ဆုံးဗျ။ ရည်မှန်းချက်တွေ အတွက် ဒီလိုအားပေးမှုရှိနေတာကြောင့် ပျော်ရွှင်ရပါတယ်။ ‘ဟေ့ ဂျူဒ်ဆိုတဲ့ ကောင်လေးရေ’ ဆိုပြီး အစချီလိုက်ကတည်းက ကျွန်တော့်မှာ ရင်တွေဘာတွေခုန် လက်ဖျားတွေပါ တုန်လာရောပဲ” လို့ ရင်ဖွင့် ပြောဆိုလိုက်တာပဲ ဖြစ်ပါတယ်။

#လာလီဂါ #ရီးရဲလ်မက်ဒရစ် #ဂီတာဖေး #ဘယ်လင်ဂမ်