ရှေ့သို့
Image

ချဲလ်ဆီးကစားသမားသစ် ဒီဆာဆီတစ်ယောက် တိုးတက်ဖို့ လိုအပ်နေသေးကြောင်း ဂါးလက်စ်ယုံကြည်နေ

8:56 AM, 4 September

အာဆင်နယ်နဲ့ ချဲလ်ဆီးကစားသမားဟောင်း ဂါးလက်စ်က ဒီဆာဆီအနေနဲ့ တိုးတက်ဖို့အများကြီး လိုအပ်နေသေးတယ်လို့ ခံစားနေရပြီး ပရီးမီးယားလိဂ်ကို ပြောင်းလာတာစောလွန်းနေတယ်လို့ ထင်မြင်နေပါတယ်။ အသက် ၂၅ နှစ်သားဟာ မိုနာကို အသင်းထံကနေ ပေါင် ၃၈ သန်းနဲ့ ချဲလ်ဆီး အသင်းထံ ပြောင်းလာခဲ့တာဖြစ်ပြီး ဒီရာသီပိုချက်တီနိုလက်အောက်မှာ နေရာရနေတာဖြစ်ပါတယ်။

ဒီဆာဆီဟာ လီဗာပူးအသင်းနဲ့ပွဲမှာ ပွဲဦးထွက်ပါဝင်ခွင့်ရရှိခဲ့ကာ လူတန်တောင်း အသင်းနဲ့ပွဲမှာ ပေးဂိုးမပေးရအောင် စွမ်းဆောင်နိုင်ခဲ့ပါတယ်။ ဒါပေမယ့် ဝက်စ်ဟမ်း နဲ့ နော်တင်ဟမ်ဖောရက်စ်ပွဲတွေမှာတော့ ချဲလ်ဆီးအသင်းက အရေးနိမ့်ခဲ့ပါတယ်။ ချဲလ်ဆီးအသင်းက ဘောလုံးပိုင်ဆိုင်မှုအသာရခဲ့ပေမယ့် ဂါးလက်စ်က ဒီဆာဆီရဲ့အနေအထားဟာ ပရီးမီးယားလိဂ်မှာကစားခွင့်ရဖို့ လိုအပ်နေသေးတယ်လို့ ယုံကြည်နေပါတယ်။

“ဒီဆာဆီတစ်ယောက် ဘာကြောင့်ချဲလ်ဆီးကိုပြောင်းလာလဲဆိုတာ ကျွန်တော် နားမလည်နိုင်ဖြစ်ရပါတယ်။ ပရီးမီးယားလိဂ်က ခက်ခဲတဲ့လိဂ်ပါ။ သူကရုပ်ပိုင်းဆိုင်ရာကြံ့ခိုင်တဲ့ ကစားသမားဖြစ်တယ်ဆိုရင်တောင် စိန်ခေါ်မှုတွေ ရှိနေတုန်းပါ။ သူ့အနေနဲ့ တိုးတက်ဖို့လိုအပ်နေပါသေးတယ်။ သီယာဂိုဆေးလ်ဗားထံကနေ သူ့အနေနဲ့သင်ယူဖို့ လိုအပ်ပါတယ်။ ဆေးလ်ဗားက သူ့ကိုနောက်တစ်ဆင့်ပို့ဆောင်ပေးနိုင်ပါတယ်။ ချဲလ်ဆီးကို ပြောင်းလာခဲ့ပေမယ့် သူ့အနေနဲ့ ပြီးပြည့်စုံမှပြောင်းလာသင့်ပါတယ်။ သူ့မှာဆိုးဝါးတဲ့အကျင့်ရှိနေဆဲပါ။ အဲ့တာကိုပြောင်းလဲဖို့လိုအပ်ပါတယ်။ ဒါကြောင့် ကျွန်တော်သူ့နာမည်ကိုမြင်ချိန်မှာ ချဲလ်ဆီးကို သူပြောင်းဖို့ အသင့်မဖြစ်သေးဘူးလို့ ကျွန်တော်ထင်တာပါ။ ဒါပေမယ့် သူ့အနေနဲ့ တိုင်းပြည်အသစ်ကိုပြောင်းလာတာဖြစ်သလို ကစားသမားအသစ် ၊ အသင်းသစ်ဖြစ်တာကြောင့် အချိန်ပေးဖို့ လိုအပ်ပါတယ်။ နိုင်ငံခြားကစားသမားတွေက ပရီးမီးယားလိဂ် ပြောင်းလာချိန်မှာ အနည်းဆုံးအချိန် ၁ နှစ်လောက်ပေးဖို့ လိုအပ်ပါတယ်”လို့ ဂါးလက်စ်က ပြောကြားခဲ့ပါတယ်။

ဂါးလက်စ်က ချဲလ်ဆီးအနေနဲ့ တိုက်စစ်ပိုင်းလိုအပ်ချက်ရှိနေဆဲဖြစ်ကာ ဂျက်ဆင်ကို ခေါ်ယူထားခဲ့ပေမယ့် တိုက်စစ်မှာ ဂိုးပုံမှန်သွင်းမယ့်သူမျိုးလိုအပ်နေဆဲလို့ ခံစားနေရပါတယ်။

“ချဲလ်ဆီးအနေနဲ့ တိုက်စစ်မှူးလိုအပ်ပါတယ်။ တိုက်စစ်မှူးတစ်ဦး၊ အတွေ့အကြုံရှိတဲ့ကွင်းလယ်လူတစ်ဦးလိုအပ်ပါတယ်။ ဂျက်ဆင်က အဆင်ပြေပေမယ့် သင်ယူဖို့အများကြီး ကျန်နေပါသေးတယ်။ သူက ချဲလ်ဆီးကိုတစ်နေ့မှာ ကူညီနိုင်မလားဆိုတာတော့ ကျွန်တော်မသိပါဘူး။ ပရီးမီးယားလိဂ်လိုချင်တယ်ဆိုရင် တစ်ရာသီကို ၂၀ နဲ့ ၂၅ ဂိုးကြား သွင်းယူနိုင်တဲ့သူမျိုးလိုအပ်ပါတယ်။ ဂျက်ဆင်က လုပ်နိုင်လိမ့်မယ်လို့ မမြင်ပါဘူး။ သူက အရမ်းကောင်းပါတယ်။ ဒါပေမယ့် အတွေ့အကြုံနုနယ်ပါသေးတယ်”လို့ ဂါးလက်စ်က ထပ်လောင်းပြောကြားခဲ့ပါတယ်။

#ချဲလ်ဆီး #ဂါးလက်စ် #ဒီဆာဆီ