ရှေ့သို့
Image

အာဆင်နယ်နဲ့ပွဲစဉ်အတွက် ယူနိုက်တက်လူစာရင်းမှာ ဟွိုက်လန်း၊ ရီဂူလွန်နဲ့ အီဗန်စ်တို့ ပါဝင်လာ

1:37 PM, 3 September

ယနေ့မှာ ယှဉ်ပြိုင်မယ့်အာဆင်နယ်နဲ့ ပရီးမီးယားလိဂ် ပွဲစဉ်အတွက် ယူနိုက်တက်လူစာရင်းထွက်ပေါ်လာပြီး ယခုနွေရာသီမှခေါ်ယူထားခဲ့တဲ့ ကစားသမားသစ်တွေဖြစ်တဲ့ တိုက်စစ်မှူးဟွိုက်လန်း၊ ဘယ်နောက်ခံလူ ရီဂူလွန်နဲ့ ဗဟိုနောက်ခံလူ အီဗန်စ်တို့ပါဝင်လာပါတယ်။


တိုက်စစ်မှူးဟွိုက်လန်းဟာ ယခုနွေရာသီမှာပဲ အိုးလ်ထရက်ဖို့ဒ်သို့ ပေါင် ၇၂ သန်းနဲ့ပြောင်းရွှေ့လာခဲ့ပြီး နောက်ကျောဒဏ်ရာပြဿနာကြုံတွေ့‌နေရတာကြောင့် ယခုချိန်အထိ ယူနိုက်တက်အတွက် ပါဝင်ကစားရခြင်းမရှိသေးပါဘူး။ အသက်-၂၀ နှစ်အရွယ် ဒိန်းမတ်ကြယ်ပွင့်ဟာ ပြီးခဲ့တဲ့အပတ်က ယူနိုက်တက်ရဲ့လေ့ကျင့်ရေးအစီအစဉ်များမှပါဝင်နိုင်ခဲ့တာကြောင့် ကြံ့ခိုင်မှုပြည့်ဝ‌နေပြီး ယနေ့မှာယှဉ်ပြိုင်မယ့် အာဆင်နယ်နဲ့ပွဲစဉ်မှာ စတင်ပါဝင်လာတော့မယ်လို့ ပြီးခဲ့တဲ့သောကြာနေ့မှာ အသင်းနည်းပြတန်ဟက်က အတည်ပြုခဲ့တာဖြစ်ပါတယ်။


ဒါ့အပြင်ဘယ်နောက်ခံလူ ရီဂူလွန်ဟာလည်း အပြောင်းအရွှေ့ကာလနောက်ဆုံးနေ့မှာတင် တော့တင်ဟမ်မှ ရောက်ရှိလာခဲ့ပြီး ကြံ့ခိုင်မှုပြည့်ဝနေတာ‌ကြောင့် ယူနိုက်တက်အတွက် ပွဲထွက်ပါဝင်ဖို့ အဆင်သင့်ဖြစ်နေပါတယ်။


ယူနိုက်တက်ကစားသမားဟောင်းဖြစ်တဲ့ ဂျွန်နီအီဗန်စ်ကလည်း အပြောင်းအရွှေ့ နောက်ဆုံးနေ့မှာပဲ ယူနိုက်တက်နဲ့ ၁ နှစ်သက်တမ်းရှိ စာချုပ်တစ်ရပ်ချုပ်ဆိုလိုက်တာကြောင့် ယနေ့ပွဲလူစာရင်းမှာ  ပါဝင်လာခဲ့တာဖြစ်ပါတယ်။


ယနေ့ ပွဲစဉ်အတွက်လူစာရင်းမှာ တိုက်စစ်မှူးဆန်ချိုနဲ့ ကွင်းလယ်လူ တိုမီနေးတို့ကတော့ ချန်လှပ်ခြင်းခံခဲ့ရပါတယ်။ ဆန်ချိုဟာ ဒီရာသီမှာ ယူနိုက်တက်အတွက် ပွဲထွက်ကစားသမား ၁၁ ဦးစာရင်းမှာမပါဝင်ခဲ့ပေမယ့် ၃ ပွဲစလုံးမှာ လူစားဝင်ကစားသမားအဖြစ် ပါဝင်ခွင့်ရရှိထားပါတယ်။ တိုမီနေးကတော့ ယခုနွေရာသီမှာ အိုးလ်ထရက်ဖို့ဒ်မှပြောင်းရွှေ့တော့မယ်လို့ သတင်းများထွက်ပေါ်ခဲ့ပြီး ချိတ်ဆက်မှုများအပြင်းအထန်ပြုလုပ်ခဲ့သော်လည်း အပြောင်းအရွှေ့ကာလ ကုန်ဆုံးချိန်မှာ‌တော့ ယူနိုက်တက်မှာပဲဆက်ရှိ‌နေခဲ့တာဖြစ်ပါတယ်။ စကော့တလန်လက်ရွေးစင်ကစားသမားဟာ ယခုရာသီ ပရီးမီးယားလိဂ်မှာ အသင်းအတွက် ၇ မိနစ်သာပါဝင်ကစားခွင့်ရရှိထားပါတယ်။


ဒါ့အပြင် နောက်ထပ်ကစားသမားတွေဖြစ်တဲ့ ရာဖေးလ်ဗာရန်း၊ လုခ်ရှော၊ မာလာစီယာ၊ မေဆင်မောင့်၊ တွန်ဟီတန်၊ အာမက်ဒီယာလိုနဲ့ မိုင်နိုးတို့ကလည်း ယူနိုက်တက်ရဲ့လူစာရင်းမှာ ပါဝင်လာနိုင်ခြင်းမရှိခဲ့ပါဘူး။


ပြီးခဲ့တဲ့ နော်တင်ဟမ်ဖောရက်စ်ကို ၃-၂ နဲ့အနိုင်ရရှိခဲ့တဲ့ပွဲစဉ်အတွက် အရန်လူစာရင်းမှာပါဝင်ခဲ့တဲ့ အသက်-၁၈ နှစ်အရွယ်အကယ်ဒမီကွင်းလယ်လူ ဒန်ဂိုးကတော့ ယနေ့အာဆင်နယ်နဲ့ပွဲစဉ်မှာလည်း ပါဝင်လာခဲ့တယ်လို့သိရှိရပါတယ်။

#မန်ချက်စတာယူနိုက်တက် #အာဆင်နယ် #ပရီးမီးယားလိဂ် #ဟွိုင်လန်း