ရှေ့သို့
Image

မြင့်မားတဲ့ ပြောင်းရွှေ့ကြေးက ဒီကလန်ရိုက်စ်ကို ဖိအားဖြစ်စေတယ်လို့ ထောက်ပြပြောဆိုလိုက်တဲ့ ဂရေမီဆောင်းနက်စ်

10:27 AM, 1 September

ပရီးမီးယားလိဂ်ပြိုင်ပွဲအတွင်း ချန်ပီယံဆုစိန်ခေါ်နိုင်ရေးအတွက် အားစိုက်လုပ်ဆောင်နေတဲ့ အာဆင်နယ်အသင်းက ယခုအပြောင်းအရွှေ့ကာလအတွင်းမှာ ဝက်စ်ဟမ်းအသင်းနဲ့ အတူ တောက်ပလာတဲ့ ကွင်းလယ်ကစားသမား ဒီကလန်ရိုက်စ်ကို ပရီးမီးယားလိဂ်ရဲ့ ဗြိတိန်ကစားသမားတွေအကြား စံချိန်တင် ပြောင်းရွှေ့ကြေးသုံးကာ ခေါ်ယူထားမှုအပေါ် ဂရေမီဆောင်းနက်စ်က ဝေဖန်ပြောဆိုလိုက်တာပဲ ဖြစ်ပါတယ်။

အာဆင်နယ်အသင်းက ကြံ့ခိုင်မှုအားနည်းနေတဲ့ သောမက်စ်ပါတေး နေရာတွင် အားဖြည့်အသုံးပြုနိုင်ရေးအတွက် ကွန်းဖရန့်လိဂ် ချန်ပီယံ ဝက်စ်ဟမ်းအသင်းကို အကောင်းဆုံး ဦးဆောင်ကစားပေးခဲ့တဲ့ ကော့ဟမ်းအကယ်ဒမီထွက် ဒီကလန်ရိုက်စ်ကို မြင့်မားတဲ့ပြောင်းရွှေ့ကြေး ပမာဏတစ်ရပ်ဖြစ်တဲ့ ပေါင် ၁၀၅ သန်းဖြင့် ပေးချေခေါ်ယူထားခဲ့တာလည်း ဖြစ်ပါတယ်။

ရိုက်စ်က နည်းပြ မိုယက်စ်ရဲ့ ဝက်စ်ဟမ်းအသင်း အတွက် ၂၄၅ပွဲ ပါဝင်ကစားပေးထားပြီး သွင်းဂိုး ၁၅ဂိုးအထိ သွင်းယူပေးထားနိုင်ခဲ့သလို အတောက်ပဆုံး ဘောလုံးရာသီလို့ ဆိုရမယ့် ပြီးခဲ့တဲ့နှစ်ဘောလုံးရာသီမှာ ပြိုင်ပွဲစုံ သွင်းဂိုး ၅ဂိုး သွင်းယူပေးနိုင်ခဲ့တာကြောင့် မြောက်လန်ဒန်ကလပ်အတွက်ပါ သွင်းဂိုးတွေ ယူဆောင်ပေးလာနိုင်မလားဆိုတာ စောင့်ကြည့်ရမှာလည်း ဖြစ်ပါတယ်။

ရိုက်စ်အပေါ် ပြောင်းရွှေ့ကြေး ပေါင် ၁၀၅သန်းရဲ့ ဖိအားသက်ရောက်စေမှုနဲ့ ပတ်သက်လို့ တော့တင်ဟမ်၊ လီဗာပူးအသင်းတို့တွင် ကျင်လည်ခဲ့ဖူးတဲ့ စကော့တလန်ဂန္ဓဝင် ကွင်းလယ်လူ ဂရေမီဆောင်းနက်စ်က“အာဆင်နယ် အသင်းကသာ ရိုက်စ်အတွက် ပေါင် ၁၀၅သန်း ပေးချေခဲ့တာပါ။ ကစားသမားရဲ့ အမှားတစ်စုံတစ်ရာမပါပါဘူး။ အခုချိန်မှာ ရိုက်စ်က ဒီအတွက်ကို ဖိအားတစ်ရပ်အဖြစ်နဲ့ ရှင်သန်နေရမှာပါ။ ကျွန်တော် ကစားသမားဘဝတုန်းကလည်း ဗြိတိန်ကလပ်နှစ်သင်းကြားမှာ စံချိန်တင် ပြောင်းရွှေ့ကြေးနဲ့ ပြောင်းရွှေ့ခဲ့ရတာပါ။ ပြောင်းရွှေ့ကြေးတွေအတွက် ကျွန်တော်ရဲ့ ပါဝင်မှုမရှိပေမဲ့ ဒီပြောင်းရွှေ့ကြေးရဲ့ ဖိအားက ကျွန်တော့်အပေါ် သက်ရောက်စေခဲ့ပါတယ်။ အခု ရိုက်စ်မှာလည်း ဒီအတိုင်းဖြစ်မှာပါ”လို့ ကောက်ချက်ချ ပြောဆိုလိုက်တာပဲ ဖြစ်ပါတယ်။

#အာဆင်နယ် #အပြောင်းအရွှေ့ #ဆောင်းနက်စ် #ဒီကလန် ရိုက်စ်