ရှေ့သို့
Image

ယူနိုက်တက်နဲ့ ဆေးစစ်မှု အောင်မြင်ခဲ့ပြီးနောက် မကြာခင်စာချုပ် ချုပ်ဆိုတော့မယ့် ရီဂူလွန်

9:35 AM, 1 September

တော့တင်ဟမ်ရဲ့ ဘယ်နောက်ခံကစားသမား ဆာဂျီယို ရီဂူလွန်ဟာ ဆေးစစ်မှု အောင်မြင်ခဲ့ပြီးနောက် မန်ချက်စတာယူနိုက်တက်သို့ ပြောင်းရွှေ့ရန် နီးစပ်နေပြီလို့သိရှိရပါတယ်။

ယူနိုက်တက်ဟာ စပိန်သားကို အငှားစာချုပ်နဲ့ ခေါ်ယူသွားမှာဖြစ်ပြီး ဆေးစစ်မှုပြီးဆုံးသွားပါက အသင်းနဲ့ အလျင်အမြန်ပဲ ပူးပေါင်းသွားတော့မှာဖြစ်ပါတယ်။ ယူနိုက်တက်ဟာ ချဲလ်ဆီးဘယ်နောက်ခံလူ ကူကူရယ်လာကို အငှားနဲ့ခေါ်ယူဖို့ ကြိုးစားခဲ့သော်လည်း စပိန်သားဟာ ဝင်ဘယ်လ်ဒန်ကို အနိုင်ရရှိခဲ့တဲ့ ကာရာဘောင်ဖလားပွဲစဉ်မှာ ချဲလ်ဆီးအသင်းအတွက် ပါဝင်ကစားခဲ့တာကြောင့် ရှုပ်ထွေးသောကိစ္စရပ်များဖြစ်ပေါ်လာပြီး သဘောတူညီမှု ရပ်ဆိုင်းဖို့အလားအလာရှိနေတာ ဖြစ်ပါတယ်။

ယူနိုက်တက်က ကူကူရယ်လာကို အငှားစာချုပ်နဲ့ ခေါ်ယူပြီး ဇန်နဝါရီလမှာ ချဲလ်ဆီးသို့ပြန်လည် ပို့ဆောင်မယ့် သဘောတူညီချက်တွေကို စာချုပ်မှာထည့်သွင်းလိုနေပါတယ်။ သို့သော် ကူကူရယ်လာဟာ ယမန်နေ့က ချဲလ်ဆီးအသင်းအတွက် ကာရာဘောင်ဖလားပွဲစဉ်မှာ ပထမဆုံးပါဝင်ခဲ့တာကြောင့် တစ်ရာသီအတွင်း  ကလပ်အသင်း ၃ ခုမှာ ကစားခွင့်မရှိတဲ့ စည်းကမ်းချက်အရ ယူနိုက်တက်သို့ပြောင်းရွှေ့မယ့်သဘောတူညီချက်ကို ချဲလ်ဆီးအသင်းက ပယ်ချလိုက်တာဖြစ်ပါတယ်။

ဒါကြောင့် ယူနိုက်တက်ဟာ တော့တင်ဟမ်အသင်းမှာ လူပိုတစ်‌ယောက်လိုဖြစ်နေတဲ့ ရီးရဲလ်မက်ဒရစ်ကစားသမားဟောင်း ရီဂူလွန်ကို ပစ်မှတ်ထားလာပြီး အငှားနဲ့ခေါ်ယူဖို့ ကမ်းလှမ်းခဲ့ပါတယ်။ အက်သလက်တစ်ရဲ့အဆိုအရ တော့တင်ဟမ် အသင်းကလည်း ကစားသမားကို ပြောင်းရွှေ့ခွင့်ပြုရန် ဆေးစစ်မှုခံယူဖို့ ခွင့်ပြုချက်ပေးခဲ့တယ်လို့ သိရှိရပါတယ်။

ရီဂူလွန်ဟာ ပြီးခဲ့တဲ့ရာသီကလည်း အက်သလက်တီကိုသို့ အငှားနဲ့ ထွက်ခွာခဲ့ပြီး စပိန်လာလီဂါအသင်းအတွက် ၁၂ ပွဲအထိ ပါဝင်ကစားခဲ့ပါတယ်။ ရီဂူလွန်ကို ဈေးသက်သက်သာသာနဲ့ ရရှိနိုင်တာကြောင့် ဖီအိုရင်တီးနားကွင်းလယ်လူ အမ်မရာဘတ်ကို အပြီးသတ်ခေါ်ယူဖို့ကြိုးစားနေတဲ့ ယူနိုက်တက်အတွက် ဘဏ္ဍာငွေ အလုံအလောက်ရှိစေဖို့ အထောက်အကူပြုနိုင်တာဖြစ်ပါတယ်။

မော်ရိုကိုကြယ်ပွင့်ကစားသမားဟာ ယူနိုက်တက်သို့ ပြောင်းရွှေ့ရန် စိတ်အားထက်သန်နေပြီး ပုဂ္ဂိုလ်ရေးဆိုင်ရာ သတ်မှတ်ချက်တွေကိုလည်း သဘောတူညီပြီးဖြစ်သော်လည်း ယူနိုက်တက်က ကစားသမားကို ခေါ်ယူနိုင်ဖို့ ဘဏ္ဍာငွေအလုံအလောက်ရရှိရန် ရုန်းကန်နေရဆဲဖြစ်ပါတယ်။

#မန်ချက်စတာယူနိုက်တက် #တော့တင်ဟမ် #အပြောင်းအရွှေ့ #ရီဂူလွန်