ရှေ့သို့
Image

အာတီတာနဲ့ အချင်းများခဲ့တယ်ဆိုတဲ့ သတင်းတွေကို ပယ်ချလိုက်တဲ့ တီယာနေး

8:44 AM, 1 September

အာဆင်နယ်စတား တီယာနေးက အာတီတာနဲ့ အချင်းများပြီး အာဆင်နယ်ကနေ ထွက်ခွာလာတယ်ဆိုတဲ့ သတင်းတွေကို ပယ်ချလိုက်ပါတယ်။

စကော့တလန်သားဟာ အာတီတာလက်အောက်မှာ ပရီမီးယားလိဂ် ၆ ပွဲသာ ပါဝင်ခွင့်ရရှိခဲ့ပြီးနောက် ဆိုစီဒက်အသင်းထံ ၁ ရာသီ အငှားပြောင်းရွှေ့ခဲ့ပါတယ်။ ပွဲထွက်ခွင့်အတွက် စိတ်ပျက်စရာကောင်းခဲ့ပေမယ့် တီယာနေးက သူ့အနေနဲ့ အာဆင်နယ်မှာ အချိန်ကောင်းတွေ ရှိခဲ့တယ်လို့ အခိုင်အမာပြောကြားခဲ့ပါတယ်။

“ပြီးခဲ့တဲ့ရာသီတုန်းက ကျွန်တော်လိုချင်သလောက်ပွဲအများကြီး ကစားခွင့်မရတော့ ကျွန်တော်ထွက်ခွာခဲ့ပါတယ်။ ဆိုစီဒက်မှာ ကျွန်တော်အကောင်းဆုံး ကြိုးစားသွားမှာပါ။ ကျွန်တော်နဲ့ အာဆင်နယ်ကြားမှာ ဘာပြဿနာမှမရှိပါဘူး။ ဆိုစီဒက်က ကျွန်တော့်ကို လိုချင်ခဲ့တယ်ဆိုတာ သိခဲ့ရပါတယ်။ ဒီမှာရှိတဲ့သူတွေက ချစ်ပေးကြပါတယ်။ ဘာစကွေးနိုင်ငံဖြစ်တာကြောင့် ကျွန်တော်ဒီမှာ နေထိုင်မှုအတွေ့အကြုံအပြင် လာလီဂါမှာ ကစားမယ့်အတွေ့အကြုံလည်း ရနိုင်ပါတယ်။ အဲ့တာက ကျွန်တော့်ကိုဂုဏ်ယူရစေမှာပါ။ ဒီမှာအဆင်ပြေမယ်လို့ ကျွန်တော်မျှော်လင့်ပါတယ်”လို့  တီယာနေးက ပြောကြားခဲ့ပါတယ်။

တီယာနေးဟာ အာဆင်နယ်အသင်းခေါင်းဆောင်ဖြစ်လာနိုင်မယ့်သူအဖြစ် အလားအလာရှိခဲ့ပေမယ့် ဇင်ချန်ကို ရောက်လာပြီးနောက်ပိုင်း ပွဲထွက်ခွင့်မရတော့တာဖြစ်ပါတယ်။ အခုနွေရာသီမှာ သူတစ်ယောက်တည်း အသင်းပြောင်းခဲ့ရတာမဟုတ်ပဲ တာဗာရက်စ်လည်း အသင်းပြောင်းခဲ့ရတာဖြစ်ပါတယ်။

တီယာနေးတစ်ယောက် ဆိုစီဒက်ကိုပြောင်းရွှေ့ခဲ့ပေမယ့် အပြီးသတ်ခေါ်ယူခွင့်တော့ မပါဝင်တာဖြစ်ပြီး လာမယ့်နွေမှာ အာဆင်နယ်အသင်းထံ ပြန်လာဖွယ်ရှိနေကာ စာချုပ်သက်တမ်းက ၂ နှစ် ကျန်နေသေးတာဖြစ်ပါတယ်။ ၂၀၁၉ ဆဲလ်တစ်ကနေ ပြောင်းလာပြီးကတည်းက တီယာနေးဟာ အာဆင်နယ်အတွက် ပြိုင်ပွဲစုံ ၁၂၄ ပွဲအထိ ပါဝင်ကစားခဲ့ပေမယ့် ပြီးခဲ့တဲ့ရာသီတုန်းက ပရီးမီးယားလိဂ်မှာ မိနစ်အနည်းငယ်လောက်သာ ပါဝင်ခွင့်ရရှိခဲ့ပါတယ်။

#အာတီတာ #အာဆင်နယ် #တီယာနေး #ပရီးမီးယားလိဂ်