ရှေ့သို့
Image

ယူနိုက်တက် လူငယ်ကစားသမားတွေကို ပြိုင်ကားမောင်းနှင်ခွင့် ပိတ်ပင်ခဲ့ဖူးတဲ့ ဖာဂူဆန်

2:01 PM, 31 August

မန်ချက်စတာယူနိုက်တက်ရဲ့ ဂန္ထဝင်နည်းပြဟောင်း ဆာအဲလက်စ်ဖာဂူဆန်ဟာ တစ်ချိန်တုန်းက အသင်းရဲ့လူငယ်ကြယ်ပွင့်ကစားသမားတွေကို ပေါင်သန်းပေါင်းများစွာတန်ကြေးရှိတဲ့ စပွန်ဆာသဘောတူညီချက်အရ ပြောင်ပြောင်လက်လက်အရောင်ထွက်နေတဲ့အားကစားကားတွေကို မောင်းနှင်ခြင်းမပြုရန် တားမြစ်ခဲ့ဖူးပါတယ်။

၂၀၁၄-၂၀၁၅ ခုနှစ်မှာယူနိုက်တက်ဟာ အဓိကအင်္ကျီစပွန်ဆာအဖြစ် အမေရိကန် ကားကုမ္ပဏီကြီးတစ်ခုဖြစ်တဲ့ Chevroletနဲ့ သဘောတူညီချက်စာချုပ်ချုပ်ဆိုခဲ့ပါတယ်။ သဘောတူညီချက်ရဲ့ တစ်စိတ်တစ်ပိုင်းအဖြစ် Chevrolet က ကုမ္ပဏီရဲ့ထုတ်လုပ်မှုတွေထဲက အထင်ကရ ပြိုင်ကား‌တွေဖြစ်တဲ့ Corvette ကားတွေအပါအဝင် ဇိမ်ခံကားအများအပြားကို အသင်းရဲ့ကစားသမားတွေထံ ပေးအပ်ခဲ့တာဖြစ်ပါတယ်။

Corvette တစ်စီးရဲ့ဈေးနှုန်းဟာ ကားရဲ့မော််ဒယ်အလိုက် ပေါင် ၈ သောင်းမှ ၉ သောင်းပထိတန်ကြေးရှိပါတယ်။ ယူနိုက်တက်ရဲ့ပြောရေးဆိုခွင့်ရှိသူတစ်‌ဦးက "မော်တော်ယာဉ်လုပ်ငန်းတွေနဲ့ လက်တွဲလုပ်ဆောင်ခဲ့သလိုပဲ Chevrolet က ယူနိုက်တက်ရဲ့ ကစားသမားတွေကို ကားတစ်စီးစီ လက်ဆောင်ပေးသွားမှာပါ။ ကားရဲ့မော်ဒယ်ကတော့ ကစားသမားရဲ့ ယူနိုက်တက်မှာ ရှိနေတဲ့ ကြာချိန်နဲ့ မောင်းနှင်မှုအတွေအကြုံကိုမူတည်ပြီး ကွဲပြားသွားမှာပါ"လို့ ပြောကြားခဲ့ပါတယ်။

သို့သော် ဖာဂူဆန်ကတော့ ကစားသမားတွေအနေနဲ့ အသင်းမှာ ဘယ်လောက်ပဲအချိန်ကြာနေပါစေ အသက်-၂၃ နှစ်အောက်ဖြစ်ပါက Chevroletမှာ ကားမှာယူခြင်းကိုပိတ်ပင်တားမြစ်ခဲ့တာဖြစ်ပါတယ်။ ထိုအချိန်အတွင်း ဒန်နီဝဲဘက်ခ်၊ ဖီးလ်ဂျုံးစ်၊ ခရစ်စမောလင်းနဲ့ ရာဖေးလ်တို့ဟာ ဖာဂူဆန်ရဲ့ခွင့်ပြုချက်မရရှိတာကြောင့် ‌ကားမောင်းနှင်ခွင့်မရရှိခဲ့ကြပါဘူး။

အဆိုပါတားမြစ်ချက်ဟာ ဂန္ထဝင်နည်းပြတစ်ယောက်အတွက် အဓိပ္ပါယ်မရှိတဲ့လုပ်ရပ်လို့ ယူဆစရာရှိသော်လည်း ဖာဂူဆန်အနေနဲ့ သူ့ရဲ့စီမံခန့်ခွဲမှုပုံစံအတိုင်း ပြုလုပ်ခဲ့တာဖြစ်ပြီး ကစားသမားတွေရဲ့ ကွင်းပြင်ပလုံခြုံရေးအတွက် အထောက်အကူဖြစ်စေခဲ့ပါတယ်။

အဆိုဖြစ်ရပ်နဲ့ ပတ်သက်ပြီး ယူနိုက်တက်ဂန္ထဝင်ကစားသမား ဝိန်းရွန်းနီကို အင်တာဗျူးမေးမြန်းခဲ့ရာ အင်္ဂလန်လက်ရွေးစင်ဟောင်းက "ယူနိုက်တက်မှာ ဖာဂူဆန်ရှိနေတုန်း ခင်ဗျားက အသက်-၂၅ နှစ်အောက်ဆိုရင် ခင်ဗျားမှာ ပြိုင်ကားရှိလို့မရဘူး။ ဒါက အသင်းအတွက် အကူအညီဖြစ်စေဖို့ လိုက်နာရတဲ့ စည်းမျည်းစည်းကမ်းလေးတွေထဲက တစ်ခုပါ"လို့ ပြောကြားခဲ့ပါတယ်။

ယူနိုက်တက်ဟာ  Chevrolet နဲ့ ၂၀၂၁-၂၂ ရာသီမှာ လက်တွဲဖြုတ်ခဲ့ပြီး လက်ရှိ အင်္ကျီစပွန်ဆာဖြစ်တဲ့ Team Viewerနဲ့ ဆက်လက် လက်တွဲခဲ့တာဖြစ်ပါတယ်။

#မန်ချက်စတာယူနိုက်တက် #ဖာဂူဆန် #ပရီးမီးယားလိဂ်