ရှေ့သို့
Image

အပြောင်းအရွှေ့ကာလရဲ့ နောက်ဆုံးရက်တွေကိုရောက်ရှိလာပြီဖြစ်သော်လည်း အသင်းသစ်ရှာမတွေ့သေးတဲ့ ဒီဂီယာ

1:38 PM, 31 August

အပြောင်းအရွှေ့ကာလဟာ မနက်ဖြန်မှာပဲကုန်ဆုံးတော့မှာဖြစ်ပေမယ့် အခမဲ့ပြောင်းရွှေ့ကြေးနဲ့ခေါ်ယူနိုင်တဲ့ မန်ချက်စတာယူနိုက်တက် ဂိုးသမားဟောင်း ဒေးဗစ်ဒီဂီယာကတော့ ယခုအချိန်အထိ အသင်းသစ် ရှာမတွေ့နိုင်သေးတာကြောင့် တစ်ကိုယ်တော်လေ့ကျင့်မှုတွေပြုလုပ်နေရတယ်လို့ သိရှိရပါတယ်။ ပြီးခဲ့တဲ့ရာသီကုန်က ယူနိုက်တက်နဲ့ စာချုပ်သက်တမ်းကုန်ဆုံးပြီး အိုးလ်ထရက်ဖို့ဒ်မှထွက်ခွာလာခဲ့တဲ့ ဒီဂီယာဟာ ပွဲစဉ်တွေနဲ့ ဝေးကွာနေရသော်လည်း တည်ငြိမ်တဲ့လက်စွမ်းရှိနေကြောင်းကို အင်စတာဂရမ်မှတစ်ဆင့် တစ်ကိုယ်တော်လေ့ကျင့်ရေး အစီအစဉ်နဲ့ မျှဝေခဲ့တာဖြစ်ပါတယ်။

စပိန်ဂိုးသမားဟာ ပြီးခဲ့တဲ့ ၂၀၂၂-၂၃ ရာသီမှာ လျော့တိလျော့ရဲဖြစ်နေခဲ့တဲ့ ယူနိုက်တက်ရဲ့နောက်တန်းကို အကောင်းဆုံး ဦးဆောင်ပြီး ပရီးမီးယားလိဂ်ရွေလက်အိတ်ဆုကို ဆွတ်ခူးရရှိခဲ့တာဖြစ်ပါတယ်။  ဂိုးသမားဟာ ပွဲပေါင်း ၁၇ ပွဲအထိ ဂိုးမပေးရအောင်စွမ်းဆောင်နိုင်ခဲ့သော်လည်း စာချုပ်သက်တမ်းတိုးခွင့်မရရှိခဲ့ဘဲ အပိုရွေးချယ်ခွင့် ၁၂ ကိုလည်း ယူနိုက်တက်ဘက်မှ ပယ်ချခဲ့တာကြောင့် လက်ရှိမှာအသင်းလက်မဲ့ဖြစ်နေတာဖြစ်ပါတယ်။

ယခုနွေရာသီကာလအတွင်း အလွတ်အေးဂျင့်ဖြစ်နေတဲ့ အသက်-၃၂ နှစ်အရွယ်ဒီဂီယာကို ထိပ်သီးကလပ်များက စိတ်ဝင်စားခြင်းမရှိသော်လည်း ဂိုးသမားက ထိပ်တန်းစွမ်းရည်ပိုင်ဆိုင်ထားဆဲဖြစ်ကြောင်းကို အင်စတာဂရမ်မှတစ်ဆင့် ထုတ်ဖော်ပြသခဲ့ပါတယ်။ ဘိုင်ယန်မြူးနစ်က ဒဏ်ရာရရှိထားတဲ့ အသင်းရဲ့ဂိုးသမား နူအာနေရာမှအစားထိုးရန် ဒီဂီယာကို ချိတ်ဆက်မှုတွေပြုလုပ်ခဲ့ပြီး နောက်ထပ်ဂိုးသမားတစ်ဦးဖြစ်တဲ့ ယန်းဆွန်းမားကလည်း အင်တာမီလန်သို့ ပြောင်းရွှေ့သွားတာကြောင့် ဒီဂီယာရဲ့အပြောင်းအရွှေ့ဟာ ဖြစ်ပေါ်လာပြီလို့ယူဆခဲ့ကြသော်လည်း အဆုံးသတ်မှာတော့ သဘောတူညီမှုပျက်ပြယ်ခဲ့တာဖြစ်ပါတယ်။

အပြောင်းအရွှေ့ကာလဟာ မနက်ဖြန် စက်တင်ဘာလ ၁ ရက်‌နေ့ ည ၁၁ နာရီအချိန်မှာကုန်ဆုံးတော့မှာဖြစ်တာကြောင့် ဒီဂီယာအနေနဲ့ အသင်းသစ် အလျင်အမြန် ရှာဖွေတွေ့ရှိဖို့ အရေးကြီးနေပါတယ်။ ယခုနွေရာသီမှာ ဘိုင်ယန်မြူးနစ်အပြင် စပိန်ကလပ် ရီးရဲလ်မက်ဒရစ်ကလည်း ဒဏ်ရာရရှိသွားတဲ့ အသင်းရဲ့ဂိုးသမား ကော်တွိုက်စ်နေရာမှာအစားထိုးရန် ဒီဂီယာကိုချိတ်ဆက်မှုပြုလုပ်ခခဲ့ပေမယ့် အဆုံးမှာတော့ ချဲလ်ဆီးဂိုးသမား ကီပါကိုသာ အငှားနဲ့ ခေါ်ယူသွားခဲ့တာဖြစ်ပါတယ်။

ဒီဂီယာရဲ့ထွက်ခွာမှုဟာ ယူနိုက်တက်သို့ ရောက်ရှိလာခဲ့တဲ့ အင်တာမီလန်ဂိုးသမား အိုနာနာအတွက် လမ်းခင်းပေးသလိုဖြစ်ခဲ့ပြီး ယခုအခါ အိုနာနာဟာ ယူနိုက်တက်ရဲ့ နံပါတ် ၁ ဂိုးသမားနေရာကို ရယူထားနိုင်ပါတယ်။ ယူနိုက်တက်တို့ဟာ အသင်းရဲ့နောက်ထပ်ဂိုးသမား‌တွေ ဖြစ်တဲ့ ကိုဗာကို ဘွန်ဒက်စ်လီဂါကလပ် လေဗာကူဆင်သို့ ပေါင် ၇ ဒဿမ ၇ သန်းနဲ့ရောင်းချခဲ့ပြီး ပြီးခဲ့တဲ့ရာသီကနော်တင်ဟမ်ဖောရက်စ်ကို အငှားနဲ့သွားရောက်ခဲ့တဲ့ ဒင်းဟန်ဒါဆန်ကိုလည်း ခရစ္စတယ်ပဲလေ့စ်သို့‌ ပေါင် ၁၅ သန်းနဲ့ ရောင်းချနိုင်ရန်နီးစပ်နေတာဖြစ်ပါတယ်။

သို့သော်ဂိုးသမားနေရာအတွက်ဖြည့်တင်းမှုအဖြစ် ယူနိုက်တက်တို့ဟာ ဖီနာဘာချီဂိုးသမား အယ်လ်တေး ဘယင်ဒါကို ပေါင် ၄ ဒဿမ ၃ သန်းနဲ့ ခေါ်ယူသွားတော့မှာဖြစ်ပါတယ်။

#မန်ချက်စတာယူနိုက်တက် #ဒီဂီယာ #အပြောင်းအရွှေ့