ရှေ့သို့
Image

ပြင်သစ်ချန်ပီယံအသင်းမှာ ကစားချင်တဲ့အကြောင်း ဖွင့်ဟပြောဆိုလိုက်တဲ့ ကိုလိုမူအာနီ

10:54 AM, 30 August

လီဂူးဝမ်းပြိုင်ပွဲအတွင်း အစဉ်အလာမပျက် ခြေစွမ်းပြကစားရင်း ပြင်သစ်ချန်ပီယံအဖြစ် အောင်မြင်ခဲ့ပေမဲ့ အဓိက ရည်ရွယ်ချက်ဖြစ်တဲ့ ချန်ပီယံလိဂ်ပြိုင်ပွဲတွင် အရေးမလှဖြစ်နေတဲ့ ပီအက်စ်ဂျီအသင်းက မက်ဆီ၊ နေမာတို့လို ကမ္ဘာ့ထိပ်တန်း ကစားသမားတွေကို လက်လွှတ်ထားရတာကြောင့် ကစားသမားဖြည့်တင်းလိုနေပြီး တိုက်စစ်ပိုင်းအတွက် ပစ်မှတ်ဖြစ်တဲ့ မူအာနီကလည်း ပဲရစ်ကလပ်တွင် ကစားရန်ဆန္ဒရှိနေတာပဲ ဖြစ်ပါတယ်။

သတင်းရင်းမြစ်အချို့ရဲ့ဖော်ပြချက်အရ ပြင်သစ်ကလပ်အနေဖြင့် တိုက်စစ်ပိုင်းဖြည့်တင်းရန် အတွက် အားစိုက်လုပ်ဆောင်နေပြီး ဖရန့်ဖတ်အသင်းရဲ့ ပြင်သစ်လက်ရွေးစင် တိုက်စစ်မှုးကို အပြောင်းအရွှေ့ကာလတစ်လျှောက်တွင် ချိန်ရွယ်လာခဲ့တာ ဖြစ်ပါတယ်။ ဂိုးသွင်းစွမ်းရည်မြင့်မားတာကြောင့် ၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲဝင် ပြင်သစ်လက်ရွေးစင်အသင်းတွင် ပါဝင်ကစားပေးခွင့်ရထားခဲ့တဲ့ ကိုလိုမူအာနီအတွက် ပီအက်စ်ဂျီအသင်းက ပြောင်းရွှေ့ကြေး ယူရိုသန်း ၈၀ ဖြင့်ခေါ်ယူရန် ကမ်းလှမ်းထားခဲ့သေးပေမဲ့ ဖရန့်ဖတ်အသင်းက ပယ်ချထားခဲ့တာ ဖြစ်ပါတယ်။

ပြင်သစ်လိဂ်ချန်ပီယံကလပ်အသင်းအနေဖြင့် တိုက်စစ်ပိုင်းတွင် အားထားရတဲ့ ကိုင်လီယန်အမ်ဘာပေက စာချုပ်သက်တမ်းကုန်ချိန်တွင် စပိန်မြေကို အခြေချရန် စိတ်အားထက်သန်နေတာကြောင့် မူအာနီကို အစားထိုးခေါ်ယူရန် လုပ်ဆောင်နေတာလည်း ဖြစ်ပါတယ်။

ပဲရစ်ကလပ်တွင် ကစားခွင့်ရချင်တဲ့ အကြောင်းနဲ့ ပတ်သက်လို့ ကိုလိုမူအာနီက “ကျွန်တော့်အနေနဲ့ ဖရန့်ဖတ်အသင်းကို ကျေးဇူးတင်စရာတွေများပါတယ်။ နှလုံးသားနဲ့ အမျှ ချစ်ခင်ရတဲ့ ပရိသတ်ကြီးကိုလည်း ပရောဖက်ရှင်နယ်ဆန်ဆန် အမြဲတမ်းပြုမူ ဆက်ဆံခဲ့တာပါ။ ပီအက်စ်ဂျီအသင်းက ခေါ်ယူရန် ကမ်းလှမ်းမှုပြုလုပ်ထားခဲ့တာကလည်း ဖုံးကွယ်ထားလို့ ရတဲ့အရာမျိုးမဟုတ်ပါဘူး။ ပဲရစ်ကလပ်မှာ ကစားခွင့်ရရေးဆိုတာက ကြီးမားတဲ့ အခွင့်အရေးဖြစ်တာကြောင့် ဖရန့်ဖတ်အသင်းက လက်ခံစေချင်ပါတယ်” လို့ ဖွင့်ဟရင်း တွန်းအားပေးစကားဆိုလိုက်တာပဲ ဖြစ်ပါတယ်။

#ဖရန့်ဖတ် #ဘွန်ဒက်စ်လီဂါ မူအာနီ