ရှေ့သို့
Image

နယူးကာဆယ်နဲ့ ရင်ဆိုင်ရတဲ့ ပွဲစဉ်အတွင်း အပြုအမူပိုင်းနဲ့ ပတ်သက်လို့ အက်ဖ်အေရဲ့ စွဲချက်တင်ခံရတဲ့ ဗန်ဒိုက်

10:21 AM, 30 August

ပြီးခဲ့တဲ့တနင်္ဂနွေနေ့၊ စိန့်ဂျိမ်းပတ်ခ်မှာ နယူးကာဆယ်ကို အံ့အားသင့်ဖွယ် ၂-၁ ဂိုးဖြင့် အနိုင်ယူခဲ့တဲ့ ပွဲစဉ်အတွင်း တိုက်ရိုက်အနီကတ်ပြသခံရပြီးနောက် အပြုအမူပိုင်းနဲ့ ပတ်သက်လို့ လီဗာပူးနောက်ခံလူ ဗန်ဒိုက်ကို အင်္ဂလန်ဘောလုံးအဖွဲ့ချုပ်(အက်ဖ်အေ)က စွဲချက်တင်လိုက်ပါတယ်။

ဒီပွဲစဉ်ရဲ့ပွဲချိန် မိနစ် ၃၀ ခန့်မှာ လီဗာပူးရဲ့ Last Defender အနေအထားမှာရှိနေတဲ့ ဗန်ဒိုက်က ပြိုင်ဘက်တိုက်စစ်မှူး အီဆက်ခ်ကို ပြစ်ဒဏ်ကျူးလွန်တယ်လို့ ကွင်းလယ်ဒိုင်က ဆုံးဖြတ်ပြီး နယ်သာလန်နောက်ခံလူကို တိုက်ရိုက်အနီကတ်ပြ ထုတ်ပယ်ခဲ့ပါတယ်။ VAR က အခုဆုံးဖြတ်ချက်အပေါ် ပြန်လည်သုံးသပ်နေစဉ်အတွင်း ကွင်းလယ်ဒိုင်ဂျွန်ဘရုစ်နဲ့ အငြင်းပွားနေတဲ့ ဗန်ဒိုက်ကို မြင်တွေ့ခဲ့ရပြီးနောက် အက်ဖ်အေက လီဗာပူးဗဟိုခံစစ်မှူးအပေါ် အရေးယူမှုတစ်ခုပြုလုပ်ဖို့ ဆုံးဖြတ်ခဲ့ပါတယ်။

အက်ဖ်အေရဲ့သတင်းထုတ်ပြန်ချက်တစ်ခုမှာ “ပြီးခဲ့တဲ့တနင်္ဂနွေနေ့၊ နယူးကာဆယ်နဲ့ရင်ဆိုင်ရတဲ့ ပရီးမီးယားလိဂ် ပွဲစဉ်အတွင်း အက်ဖ်အေရဲ့ စည်းမျဉ်းတွေကို ချိုးဖောက်တယ်လို့ ယူဆရတဲ့ ဗန်ဒိုက်ကို စွဲချက်တင်ဖို့ ဆုံးဖြတ်လိုက်ပါတယ်။ ဒီပွဲစဉ်မှာ နောက်ခံလူက ပွဲစဉ်တာဝန်ရှိသူတွေအပေါ် နှုတ်အားဖြင့် မဖွယ်မရာစကားလုံးတွေကို သုံးစွဲကာ ရိုင်းရိုင်းစိုင်းစိုင်းစော်ကားတယ်လို့ စွပ်စွဲထားတာပါ”လို့ ဖော်ပြထားပါတယ်။

အနီကတ်ပြစ်ဒဏ်ကြောင့် အလိုအလျောက်တစ်ပွဲပယ်ပြစ်ဒဏ်ကျခံထားရတဲ့ ဗန်ဒိုက်က လာမယ့်သောကြာနေ့မတိုင်ခင် အခုစွပ်စွဲချက်အပေါ် ဖြေရှင်းချက်ပေးရပါမယ်။ ဗန်ဒိုက်မှာ အပြစ်ရှိတယ်လို့ တွေ့ရှိရရင် ကာလအတန်ကြာပွဲပယ်ပြစ်ဒဏ်နဲ့ ရင်ဆိုင်ရဖို့ ရှိနေပါတယ်။

နယူးကာဆယ်နဲ့ပွဲစဉ်အတွင်း ပြသခံခဲ့ရတဲ့ အနီကတ်ပြစ်ဒဏ်ကြောင့် ဒတ်ချ်လက်ရွေးစင်နောက်ခံလူဟာ လာမယ့်တနင်္ဂနွေနေ့၊ အက်စတွန်ဗီလာနဲ့ ရင်ဆိုင်ရမယ့်ပွဲစဉ်ကို လွဲချော်ခဲ့ပြီးဖြစ်ပေမယ့် အခုလိုနောက်ဆက်တွဲ အခြေအနေတွေကြောင့် ဝုဗ်၊ ဝက်စ်ဟမ်းတို့နဲ့ရင်ဆိုင်ရမယ့် လီဗာပူးရဲ့ပွဲစဉ်တွေကိုပါ လွဲချော်သွားမလားဆိုတာ ဆက်လက်စောင့်ကြည့်သွားရပါမယ်။

ဗန်ဒိုက်ရဲ့ပွဲပယ်ပြစ်ဒဏ်နဲ့အတူ ကိုနာတေးကလည်း ဒဏ်ရာရရှိနေတာကြောင့် လီဗာပူးအတွက် ခက်ခဲတဲ့ အချိန်တွေ စတင်လာပြီလို့ ဆိုရပါမယ်။ ကိုနာတေးရဲ့အခြေအနေနဲ့ပတ်သက်ပြီး လီဗာပူးနည်းပြယာဂန်ကလော့ပ်က “နိုင်ငံတကာသီတင်းပတ်အပြီး အသင်းနဲ့ ပြန်လည်ပူးပေါင်းလာပါလိမ့်မယ်။ ဒဏ်ရာက သိပ်မပြင်းထန်ဘူးဆိုပေမယ့် လုံလောက်တဲ့ ပြင်းထန်မှုတော့ ရှိပါတယ်။ ဗီလာနဲ့ပွဲစဉ်အတွက် အခွင့်အရေးတစ်ခုရှိကောင်းရှိနိုင်ပေမယ့် နိုင်ငံတကာသီတင်းပတ်အပြီးမှသာ သူပြန်လာဖို့ ကျွန်တော် မျှော်လင့်ထားပါတယ်”လို့ ပြောပါတယ်။

လက်ရှိမှာ ယာဂန်ကလော့ပ်ရဲ့အသင်းအတွက် ဗဟိုခံစစ်မှူးအဖြစ် ဂျိုးဂိုမက်ဇ်၊ မာတစ်၊ နက်ဖီးလစ်တို့သာ ကျန်ရှိပါတော့တယ်။

#လီဗာပူး #နယူးကာဆယ် #ဗန်ဒိုက် #အက်ဖ်အေ #ပရီးမီးယားလိဂ်