ရှေ့သို့
Image

ချဲလ်ဆီးနောက်ခံလူ ကူကူရယ်လာကို အငှားနဲ့ ခေါ်ယူဖို့ တရားဝင်ကမ်းလှမ်းလိုက်တဲ့ ယူနိုက်တက်

10:05 AM, 30 August

မန်ချက်စတာယူနိုက်တက်အသင်းဟာ ချဲလ်ဆီးဘယ်နောက်ခံလူ ကူကူရယ်လာကို ချဉ်းကပ်မှုတွေပြုလုပ်ပြီးနောက်မှာ အငှားစာချုပ်နဲ့ ခေါ်ယူဖို့ တရားဝင်ကမ်းလှမ်းလိုက်ပြီဖြစ်ပါတယ်။ ချဲလ်ဆီးအသင်းကလည်း ယူနိုက်တက်ရဲ့ ကမ်းလှမ်းချက်ကို စိတ်ဝင်စားနေပြီး ကစားသမားကို ရှင်းထုတ်ဖို့ဆန္ဒရှိနေတာကြောင့် အပြောင်းအရွှေ့ဟာ လျင်လျင်မြန်မြန်ပဲ အထမြောက်သွားဖွယ်ရှိနေပါတယ်။

နွေရာသီအပြောင်းအရွှေ့ကာလက လာမယ့် ၂ ရက်အတွင်းကုန်ဆုံးတော့မှာဖြစ်ပြီး ယူနိုက်တက်အနေနဲ့ ကစားသမားတွေကို အချိန်မှီခေါ်ယူနိုင်ရန် တရှိန်ထိုးလုပ်ဆောင်နေတယ်လို့ သိရှိရပါတယ်။ အက်သလက်တစ်ရဲ့အဆိုအရ ယခုအခါ ကူကူရယ်လာကိုခေါ်ယူဖို့ အဲရစ်တန်ဟက် အနေနဲ့ ချဲလ်ဆီးအသင်းထံ တရားဝင်ကမ်းလှမ်းချက် တင်သွင်းခဲ့ကြောင်း သိရှိရပါတယ်။

ဒဏ်ရာပြဿနာကြုံတွေ့နေရပြီး ကာလအတန်ကြာအနားယူရမယ့် လုခ်ရှောနေရာအတွက် ယခင်ကပုံမှန်အစားထိုးသူအဖြစ် မာလာစီယာရှိနေသော်လည်း ယခုအခါ ၎င်းကပါ ဒဏ်ရာရရှိထားတာကြောင့် တန်ဟက် အ‌နေနဲ့ စပိန်နောက်ခံလူကိုပဲ အငှားနဲ့ခေါ်ယူဖို့ရွေးချယ်ခဲ့တာဖြစ်ပါတယ်။ ‌ယူနိုက်တက်ရဲ့ကမ်းလှမ်းချက်မှာ ဝယ်ယူမှုဆိုင်ရာ သဘောတူညီချက်များပါဝင်တဲ့ ကနဦးအငှားစာချုပ်ဖြစ်တာကြောင့် ကလပ်နှစ်သင်းအကြား ဆွေးနွေးညှိနှိုင်းမှုများ ပြုလုပ်နေဆဲဖြစ်ပြီး မကြာမီအချိန်အတွင်း သ‌ဘောတူညီမှုရရှိဖို့ အလားအလာရှိနေပါတယ်။

ချဲလ်ဆီးအသင်းနည်းပြ ပိုချက်တီနိုက အသင်းရဲ့ပွဲထွက်လူစာရင်းမှာ ဘင်ချီဝဲလ်ကိုသာ တောက်လျှောက်ရွေး‌ချယ်နေခဲ့တာကြောင့် အသက်-၂၅ နှစ်အရွယ် ကူကူရယ်လာအနေနဲ့ ပြီးခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ် ၃ ပွဲစလုံးမှာ အရန်ခုံသာထိုင်ခဲ့ရတာဖြစ်ပါတယ်။

ကာရာဘောင်ဖလားပွဲစဉ်အဖြစ် ဝင်ဘယ်ဒန်နဲ့ ထိပ်တိုက်မတွေ့ဆုံခင် သတင်းစာရှင်းလင်းပွဲတစ်ခုမှာ ချဲလ်ဆီး အသင်းရဲ့နောက်ကျ အပြောင်းအရွှေ့ကောလာဟလတွေနဲ့ ပတ်သက်ပြီး ပိုချက်တီနိုက "ကျွန်တော့်အနေနဲ့ ယူဆချက်တွေနဲ့ ကောလဟာလတွေအကြောင်းမပြောနိုင်ပါဘူး။ လောလောဆယ်တော့ အသင်းမှာဘာမှ မပြောင်းလဲသေးပါဘူး။ မနက်ဖြန်မှာ ကူကူရယ်လာ ပါဝင်ကစားနိုင်တယ်ဆိုပေမယ့် ကလပ်က သူ့ရဲ့ အခြေအနေပတ်သက်ပြီးကျွန်တော့်ကို ဘာအချက်အလက်မှမပေးရသေးပါဘူး" လို့ပြောကြားခဲ့တာဖြစ်ပါတယ်။

#မန်ချက်စတာယူနိုက်တက် #ချဲလ်ဆီး #အပြောင်းအရွှေ့ #ကူကူရယ်လာ