ရှေ့သို့
Image

ယူနိုက်တက်ပစ်မှတ် ကူကူရယ်လာ အခြေအနေကို ထုတ်ဖော်ပြောကြားလိုက်တဲ့ ပိုချက်တီနို

8:58 AM, 30 August

ချဲလ်ဆီးအသင်းနည်းပြ ပိုချက်တီနိုက  သူ့အနေနဲ့ ကူကူရယ်လာအတွက် ယူနိုက်တက်အသင်းရဲ့ချဉ်းကမ်းမှုကို အသင်းဘက်က ရရှိခဲ့လားဆိုတာ သတိမထားမိကြောင်း ပြောကြားလိုက်ကာ စပိန်သားဟာ အသင်းလူစာရင်းထဲမှာ ပါဝင်နေဆဲလို့ အခိုင်အမာဆိုလိုက်ပါတယ်။

ယူနိုက်တက်အသင်းဟာ ဘယ်နောက်ခံလူနေရာမှာ ဒဏ်ရာပြဿနာရှိနေပြီး ရှောက နိုဝင်ဘာမတိုင်ခင်အထိ နားရဖွယ်ရှိနေသလို မာလာစီယာကလည်း ဒဏ်ရာ ရရှိနေတာဖြစ်ပါတယ်။ ယူနိုက်တက်အသင်းဟာ ကူကူရယ်လာအပြင် တော့တင်ဟမ်စတား ရီဂူလွန်၊ ဘာစီလိုနာစတား အလွန်ဆိုတို့ကိုလည်း စိတ်ဝင်စားနေပါတယ်။

ကူကူရယ်လာဟာ ပြီးခဲ့တဲ့နွေရာသီတုန်းက ဘရိုက်တန်ထံကနေ ပေါင် ၆၂ သန်းနဲ့ ချဲလ်ဆီးအသင်းထံ ပြောင်းလာခဲ့တာဖြစ်ပေမယ့် အသင်းမှာ ဘန်ချီဝဲလ်နောက်မှ ပါဝင်ခွင့်ရရှိနေတာဖြစ်ပါတယ်။ ပိုချက်တီနိုလက်အောက်မှာ စပိန်သားတစ်ယောက် ဒီရာသီပွဲထွက်ခွင့်မရသေးပေမယ့် အာဂျင်တိုင်းသားက ကူကူရယ်လာဟာ သူ့အစီအစဉ်ထဲမှာ ပါဝင်နေဆဲလို့ ပြောကြားခဲ့ပါတယ်။

ဝင်ဘယ်ဒန်အသင်းနဲ့ကာရာဘောင်ဖလားပွဲမတိုင်ခင် ပိုချက်တီနိုက ကူကူရယ်လာကို ယူနိုက်တက်က စိတ်ဝင်စားနေတဲ့အပေါ် “ကျွန်တော် သတင်းအမှားတွေအကြောင်း မပြောချင်ပါဘူး။ လက်ရှိအချိန်မှာ ဘာမှမပြောင်းလဲပါဘူး။ မနက်ဖြန်မှာ သူပါဝင်ကစားနိုင်ပါလိမ့်မယ်။ အခုချိန်မှာတော့ အသင်းဘက်က သူ့အခြေအနေကို ဘာမှ အကြောင်းမကြားသေးပါဘူး။ ကစားသမားအားလုံးက ကျွန်တော့်အစီအစဉ်ထဲမှာ ပါဝင်နေဆဲပါ။ အဲ့တာက အခြေအနေတွေပေါ်မူတည်ပါတယ်။ ကစားသမားနဲ့ အသင်း၊ အသင်းနဲ့ ကစားသမားပါ။ အဲ့နောက် ဆုံးဖြတ်ချက်ချမှာပါ။ ဒါပေမယ့် အခုချိန်မှာတော့ ကစားသမားအားလုံးက ကျွန်တော့်အစီအစဉ်ထဲမှာ ပါဝင်နေဆဲပါ။ အသင်းဘက်က ကျွန်တော်တို့အတွက်အကောင်းဆုံး ကြိုးစားနေတယ်ဆိုတာ သိပါတယ်။ တစ်ခုခုဖြစ်လာနိုင်ပါတယ်။ အခုချိန်မှာတော့ ကျွန်တော်အသင်းနဲ့အတူ စွမ်းဆောင်ရည်ကောင်းပြသနိုင်ဖို့ပဲ ကြိုးစားနေပါတယ်”လို့ ပိုချက်တီနိုက ပြောကြားခဲ့ပါတယ်။

ချဲလ်ဆီးအသင်းဟာ တိုက်စစ်ပိုင်းမှာ အန်ကွန်ကူ၊ ဘရိုဂျာ ၊ ချူကွာမီကာ ၊ မူဒရစ်ခ်တို့ဒဏ်ရာ ရရှိနေပြီး ပိုချက်တီနိုက အပြောင်းအရွှေ့မပိတ်ခင် စွယ်စုံရတိုက်စစ်မှူးတစ်ဦးခေါ်ယူချင်နေပါတယ်။

#မန်ချက်စတာယူနိုက်တက် #ချဲလ်ဆီး #ပိုချက်တီနို #ကူကူရယ်လာ #ပရီးမီးယားလိဂ်