ရှေ့သို့
Image

လူကာကူအတွက် စာချုပ်ဖျက်သိမ်းကြေးအသစ်ထည့်သွင်းမယ့် ချဲလ်ဆီး

8:43 AM, 30 August

သတင်းတွေအရ ချဲလ်ဆီးစတား လူကာကူတစ်ယောက် ရိုးမားအသင်းထံ အငှားနဲ့ ပြောင်းရွှေ့ခဲ့ပြီဖြစ်တယ်လို့ သိရပါတယ်။

လူကာကူဟာ  ရိုးမားအသင်းထံ ၁ ရာသီအငှားနဲ့ ပြောင်းရွှေ့ခဲ့တာဖြစ်ပြီး ၂၀၁၇တုန်းက ယူနိုက်တက်မှာ ပေါင်းဆုံခဲ့တဲ့ နည်းပြဟောင်း မော်ရင်ဟိုနဲ့ ပြန်လည်ဆုံဆည်းကြမှာဖြစ်ပါတယ်။ ဘီဘီစီရဲ့အဆိုအရ လူကာကူရဲ့အငှားအတွက် ရိုးမားအသင်းက ပြောင်းရွှေ့ကြေးပေါင် ၈ သန်း ပေးချေခဲ့ရသလို အသက် ၃၀ အရွယ် ကစားသမားအတွက် လုပ်ခလစာလည်းပေးချေရမှာဖြစ်ပါတယ်။

အင်တာကတော့ လူကာကူကို အခုနွေရာသီတုန်းက ခေါ်ယူနိုင်ဖို့ မျှော်လင့်ခဲ့ပေမယ့် အဆင်မပြေခဲ့တာဖြစ်ပါတယ်။ လူကာကူဟာ ချန်ပီယံလိဂ်ဖိုင်နယ်မှာ သူ့ကိုပွဲထွက်လူစာရင်းမှာ မထည့်သွင်းခဲ့တဲ့ နည်းပြ အင်ဇာဂီကို မကျေမနပ်ဖြစ်နေတယ်လို့ သိရပါတယ်။

ဒါ့အပြင် ဂျူဗင်တပ်စ်အသင်းကလည်း လူကာကူကို ခေါ်ယူဖို့ လုပ်ဆောင်ခဲ့ပေမယ့် အဆင်မပြေခဲ့တာဖြစ်ပါတယ်။ အခုနောက်ဆုံးမှာတော့ ရိုးမားအသင်းက အငှားနဲ့ ခေါ်ယူခဲ့တာဖြစ်ပြီး ဘယ်လ်ဂျီယံသားက ပိုချက်တီနိုရဲ့အစီအစဉ်ထဲမှာ မပါဝင်တော့တာဖြစ်ပါတယ်။

တယ်လီဂရက်ဖ်သတင်းထောက် မတ်လောရဲ့အဆိုအရ ရိုးမားအသင်းအနေနဲ့ အငှားသီးသန့်သာ ခေါ်ယူခဲ့တာဖြစ်ပြီး အပြီးသတ်ခေါ်ယူခွင့် မပါဝင်ဘူးလို့ သိရပါတယ်။ ချဲလ်ဆီး အသင်းဟာ အီတလီမြေမှာ လူကာကူတစ်ယောက် ခြေစွမ်းကောင်းပြသနိုင်ခဲ့ရင် စာချုပ်ဖျက်သိမ်းကြေးအသစ်ထည့်သွင်းဖို့ ပြင်ဆင်နေပါတယ်။

လက်ရှိလူကာကူရဲ့စာချုပ်ဖျက်သိမ်းကြေးက ပေါင် ၃၇ သန်း ထည့်သွင်းထားတာဖြစ်ပြီး ရောမမြေမှာ ခြေစွမ်းပြနိုင်ခဲ့ရင် အသင်းတော်တော်များများက ခေါ်ယူနိုင်တဲ့ ပမာဏဖြစ်နေပါတယ်။ လူကာကူဟာ အီတလီအချိန် ညနေ ၅ နာရီလောက်က ရောမကို ရောက်ရှိခဲ့ပြီး ဆေးစစ်မှုခံယူခဲ့တယ်လို့ သိရပါတယ်။

#ရိုးမား #ချဲလ်ဆီး #အပြောင်းအရွှေ့ #လူကာကူ