တိုက်စစ်ပိုင်းအတွက် ရာဖင်ဟာ၊ ဖာရန်တောရက်စ်နဲ့ စမစ်ရိုတို့အား ပစ်မှတ်ထားနေတဲ့ ချဲလ်ဆီး
3:32 PM, 29 August
အမေရိကန်လုပ်ငန်းရှင် တော့ဒ်ဘိုလီရဲ့ ဦးဆောင်မှုနဲ့အတူ အကောင်းဆုံး ပုံစံပြသနိုင်ရေး အားစိုက်ပြင်ဆင်နေတဲ့ ချဲလ်ဆီးအသင်းက ပြီးခဲ့တဲ့ နှစ်မှာ ထိပ်တန်းကစားသမားတွေနဲ့ ရလဒ်မကောင်းခဲ့တာကြောင့် နည်းပြ ပိုချက်တီနိုအား ခန့်အပ်ရင်း အဓိက ကစားသမား အချို့ကို ရောင်းထုတ်ကာ ကစားသမားဖြည့်တင်းမှုတွေထပ်မံ ပြုလုပ်နေပြီး တိုက်စစ်ပိုင်း အတွက် စမစ်ရို၊ ရာဖင်ဟာနဲ့ တောရက်စ်တို့အား ပစ်မှတ်ထားလာတာပဲ ဖြစ်ပါတယ်။
ချဲလ်ဆီးအသင်းက ယခုအပြောင်းအရွှေ့ကာလတစ်ခုတည်းမှာတင် ပြောင်းရွှေ့ကြေး ပေါင် သန်း ၃၅၀ ခန့်အသုံးပြုကာ ကစားသမားအင်အား အလုံးအရင်း ခေါ်ယူအားဖြည့်ထားခဲ့ပေမဲ့ နည်းပြ ပိုချက်တီနိုက တိုက်စစ်ပိုင်းအတွက် အားမရနိုင်ဖြစ်နေတာကြောင့် ဘာစီလိုနာအသင်းရဲ့ စတားနှစ်ဦးဖြစ်တဲ့ ရာဖင်ဟာနဲ့ ဖာရန်တောရက်စ်အပြင် ဂန်းနားစတား စမစ်ရိုကိုပါ ချိန်ရွယ်နေတာလည်း ဖြစ်ပါတယ်။
နည်းပြ ပိုချက်တီနိုရဲ့ ချဲလ်ဆီးအသင်းက အဆိုပါ ကစားသမား ၃ဦးလုံးအတွက် စိတ်ဝင်စားမှု မြင့်တက်လာမျိုးမရှိသေးပေမဲ့ မကြာမီမှာ ဘာစီလိုနာ၊ အာဆင်နယ် အသင်းတို့နဲ့ ဆွေးနွေးမှု လုပ်ကောင်းလုပ်လာနိုင်တာလည်း ဖြစ်ပါတယ်။ စမစ်ရိုအနေဖြင့် နည်းပြ အာတီတာရဲ့ အာဆင်နယ်အသင်းအတွက် ယခုနှစ်ဘောလုံးရာသီမှာ ပွဲကစားခွင့် ၁မိနစ်မျှ မရသေးသလို ဘာစီလိုနာ စတား တွေဖြစ်တဲ့ ရာဖင်ဟာ၊ ဖာရန်တောရက်စ်တို့ကလည်း ပွဲထွက်ခွင့်ရရေးအတွက် ရုန်းကန်နေကြရတာ ဖြစ်ပါတယ်။
အပြောင်းအရွှေ့ကာလပိတ်သိမ်းရန် ရက်ပိုင်းသာ လိုအပ်တော့တာကြောင့် ချဲလ်ဆီးအသင်းက အဆိုပါ ကစားသမား ၃ဦးလုံး အတွက် အပြောင်းအရွှေ့လုပ်ဆောင်ရန် ခက်ခဲနိုင်တာ ဖြစ်ပါတယ်။ ကလပ်အသင်းအကြီးအကဲတွေကသာ တိုက်စစ်ပိုင်းအတွက် ကစားသမားဖြည့်တင်းမှု မပြုလုပ်နိုင်ခဲ့ပါက နည်းပြ ပိုချက်တီနိုအနေဖြင့် လူတန်တောင်းအသင်းကို အနိုင်ရခဲ့တဲ့ ပွဲစဉ်တွင် အထူးခြေစွမ်းပြ ကစားခဲ့တဲ့ ရာဟီးမ်စတာလင်၊ ဂျက်ဆင်တို့ရဲ့ အပေါ်တွင်သာ အဓိက အားထားရနိုင်တာပဲ ဖြစ်ပါတယ်။