ရှေ့သို့
Image

အီတလီနည်းပြ ဘဝကို စွန့်လွှတ်ကာ ဆော်ဒီနည်းပြတာဝန် လက်ခံရယူခဲ့တဲ့ မန်စီနီကို ရာနီယာရီဝေဖန်

3:16 PM, 29 August

အကျိုးအမြတ်အများအပြားရရှိနိုင်မယ့် ဆော်ဒီအာရေးဗီးယားအသင်းနည်းပြတာဝန်ကို လက်ခံရယူဖို့ အီတလီအသင်းနည်းပြ တာဝန်မှ နုတ်ထွက်ခဲ့တဲ့ မန်စီနီကို ဝါရင့်နည်းပြကြီး ရာနီယာရီက ဝေဖန်ပြောဆိုလိုက်ပါတယ်။

သြဂုတ် ၁၃ ရက်၊ အီတလီနည်းပြတာဝန်ကိုစွန့်လွှတ်ဖို့ ဆုံးဖြတ်ခဲ့ချိန်မှာ ဆော်ဒီနည်းပြတာဝန် ရယူတော့မယ်ဆိုတဲ့ အမြင်တွေကို မန်စီနီက ငြင်းဆန်ပယ်ချခဲ့ပေမယ့် ပရိသတ်တွေကတော့ သူ့ရဲ့လှုပ်ရှားမှုတွေအပေါ် သံသယဖြင့် ရှုမြင်ခဲ့ကြပါတယ်။ မကြာမီမှာပဲ မန်စီနီက ဆော်ဒီနည်းပြသစ်အဖြစ် ၂၀၂၇ ခုနှစ်အထိ သက်တမ်းရှိမယ့်စာချုပ်တစ်ရပ်ကို လက်မှတ်ရေးထိုးခဲ့ပြီး တစ်ရာသီလုပ်ခလစာ ယူရိုသန်း ၃၀ အထိ ခံစားခွင့်ရှိမယ်လို့ သိရပါတယ်။

DAZN သတင်းဌာနနဲ့တွေ့ဆုံချိန် ရာနီယာရီက “ရိုးရိုးသားသားပြောရရင် ကျွန်တော်ကတော့ အဲ့ဒီလိုမျိုး လုပ်မှာမဟုတ်ဘူး။ ကျွန်တော်က ငွေကြေးထက် စိတ်အားတက်ကြွမှုပေးနိုင်မယ့် အခြားအရာတွေအပေါ် ပိုကြိုက်ပါတယ်”လို့ ပြောပါတယ်။

ရာနီယာရီက ၁၉၈၀ ခုနှစ်အလွန်ကာလတွေအတွင်း နည်းပြဘဝစတင်ခဲ့ရာ စီးရီးဘီကလပ်အသင်း ကာဂလီယာရီဆီ ပြန်သွားဖို့ ပြီးခဲ့တဲ့ဇန်နဝါရီလ အတွင်းမှာပဲ ဆုံးဖြတ်ခဲ့သူဖြစ်တာကြောင့် အငြင်းအခုံတွေအပေါ် ကြောက်လန့်မှုမရှိဘဲ အခုလိုမျိုးပြောရဲသူတစ်ယောက်လို့ ယူဆနိုင်ပါတယ်။ သူက ဘာရီအသင်းနဲ့ရင်ဆိုင်ရတဲ့ စီရီးအေတန်းတက်နောက်ဆုံး ပွဲစဉ်ကို အိပ်မက်ဆန်ဆန် အနိုင်ယူကျော်ဖြတ်ကာ ကာဂလီယာရီကို စီးရီးအေပြိုင်ပွဲဆီ ပို့ဆောင်ပေးခဲ့ပါတယ်။ လက်ရှိမှာတော့ ရာနီယာရီက ဘဝရဲ့အခန်းကဏ္ဍသစ်အပေါ် ကျေနပ်အားရနေပါတယ်။

“ကျွန်တော့်ရဲ့နည်းပြဘ၀ နောက်ဆုံးတာဝန်ယူတဲ့အသင်းက ကာဂလီယာရီပဲဆိုတာ ပြောခဲ့ဖူးပါတယ်။ ဒီနေရာမှာ အစပြုပြီး ဒီနေရာမှာပဲ အဆုံးသတ်ရတာ ကြည်နူးဖို့ကောင်းပါတယ်။ ကျွန်တော် သဘောကျတဲ့ပုံစံမျိုးနဲ့ လက်ရွေးစင်အသင်း တစ်ခုက ကမ်းလှမ်းလာမယ်ဆိုရင်တော့ ဒီကမ်းလှမ်းမှုအပေါ် စဉ်းစားသွားနိုင်ပါတယ်”လို့ ရာနီယာရီက ဆက်ပြောခဲ့ပါတယ်။

#အီတလီ #ရာနီယာရီ #မန်စီနီ