ရှေ့သို့
Image

ဘာစီလိုနာကြယ်ပွင့် ရာဖင်ဟာကို ခေါ်ယူဖို့ ထပ်မံကြိုးစားလာတဲ့ ချဲလ်ဆီး

11:20 AM, 29 August

ချဲလ်ဆီးအသင်းဟာ နွေရာသီအပြောင်းအရွှေ့ကာလမကုန်ဆုံးခင်မှာ ဘာစီလိုနာတောင်ပံကစားသမား ရာဖင်ဟာကို အချိန်မှီခေါ်ယူဖို့ ပြန်လည်ကြိုးပမ်းလာဖွယ်ရှိကြောင်း သတင်းများထွက်ပေါ်နေပါတယ်။ ပြီးခဲ့နွေရာသီကမှ လိဒ်ယူနိုက်တက်မှ ဘာစီလိုနာသို့ ပြောင်းရွှေ့သွားခဲ့တဲ့ အသက်-၂၆ နှစ်အရွယ်ရာဖင်ဟာကို ချဲလ်ဆီးအသင်းက ခေါ်ယူနိုင်ဖို့ အပြင်းအထန်ချိတ်ဆက်မှုတွေပြုလုပ်ခဲ့တာဖြစ်ပါတယ်။

လက်ရှိအချိန်မှာတော့ ဘာစီလိုနာက အသင်းမှာ ၁ နှစ်အကြာနေထိုင်ခဲ့တဲ့ ‌ဘရာဇီးလ်တောင်ပံကစားသမားကို ‌အသင်းမှရောင်းချရန် ဆန္ဒရှိ‌နေပြီး ပေါင်သန်း ၆၀ အထက်ရရှိပါက လက်လွှတ်သွားဖွယ်ရှိနေပါတယ်။ Telegraph ရဲ့အဆိုအရ ချဲလ်ဆီးအသင်းနည်းပြ ပိုချက်တီနိုက တိုက်စစ်ကစားသမားတစ်ဦးခေါ်ယူဖို့ ဆန္ဒရှိနေတာကြောင့် ရာဖင်ဟာကို ပစ်မှတ်ထားနေပြီး လာမယ့်သောကြာနေ့ နွေရာသီဈေးကွက်မပိတ်သိမ်းခင်မှာ အပြောင်းအရွှေ့ကို အဆုံးသတ်ဖို့ဆန္ဒရှိတယ်လို့သိရှိရပါတယ်။

လိဒ်အသင်းနဲ့အတူ ပရီးမီးယားလိဂ်ရဲ့အတွေ့အကြုံကို ရရှိထားခဲ့တဲ့ တောင်ပံကစားသမားဟာ ဘာစီလိုနာအသင်းအတွက် ၅၁ ပွဲကစားပြီး၊ ၁၀ ဂိုးသွင်းယူကာ ဂိုးဖန်တီးမှု ၁၂ ကြိမ်အထိ ပြုလုပ်ပေးထားပါတယ်။ ဒါ့အပြင်ပြီးခဲ့တဲ့ရာသီက ဘာစီလိုနာအတွက် လာလီဂါဖလားကိုဆွတ်ခူးရာမှာ အဓိကအခန်းကဏ္ဍမှအကူအညီပေးနိုင်ခဲ့ပြီး အဓိကပြိုင်ဘက် ရီးရဲလ်မက်ဒရစ်ကို ၁၀ မှတ်အထိဖြတ်ထားနိုင်ခဲ့တာဖြစ်ပါတယ်။

ဘရာဇီးအသင်းနဲ့အတူ ၁၆ ပွဲပါဝင်ကစားထားတဲ့ ရာဖင်ဟာဟာ ပြီးခဲ့တဲ့ကာတာကမ္ဘာ့ဖလားမှာလည်း အသင်းနဲ့အတူပါဝင်နိုင်ခဲ့ပါတယ်။ ချဲလ်ဆီးဟာ အသင်းရဲ့တိုက်စစ်မှူး လူကာကူကို မော်ရင်ဟိုရဲ့ရိုးမားသို့ ပေါင် ၅ သန်းနဲ့ အငှားစာချုပ် ချုပ်ဆိုဖို့ သဘောတူညီခဲ့တာကြောင့် ပရီးမီးယားလိဂ်အတွေ့အကြုံရှိ ရာဖင်ဟာနဲ့အစားထိုးဖို့ ရည်ရွယ်နေတာဖြစ်ပါတယ်။

ချဲလ်ဆီးအသင်းဟာ လူကာကူနဲ့ စာချုပ်ဖျက်သိမ်းကြေး ပေါင် ၃၇ သန်းပါဝင်တဲ့ စာချုပ်သစ်တစ်ရပ်ချုပ်ဆိုခဲ့ပြီး အဆိုပါစာချုပ်ဟာ နောက်ရာသီမှာ ရိုးမားအနေနဲ့ ကစားသမားကို အပြီးအပိုင်ခေါ်ယူဖို့ ဆွဲဆောင်နိုင်တယ်လို့သိရှိရပါတယ်။  ရိုးမားအသင်းရဲ့ တာဝန်ရှိသူတွေဖြစ်တဲ့ တီယာဂိုပင်တိုနဲ့ အသင်းပိုင်ရှင်ဒန်ဖရိဒ်ကင်တို့ဟာ ယနေ့ညနေ ၅ နာရီမှာပဲ လူကာကူကို ကိုယ်ပိုင်ဂျက်လေယာဉ်နဲ့ ရောမမြို့ရဲ့ ကမ်ပီနိုလေဆိပ်သို့ခေါ်ဆောင်သွားဖို့ စီစဉ်ထားပါတယ်။

#ဘာစီလိုနာ #ချဲလ်ဆီး #အပြောင်းအရွှေ့ #ရာဖင်ဟာ