ရှေ့သို့
Image

ဗီဂါတစ်ယောက် ဆော်ဒီလိဂ်မှာ လုပ်ခလစာအများအပြားရရှိမယ်လို့ ခန့်မှန်းနေကြ

8:59 AM, 29 August

ဆော်ဒီလိဂ်ကို အငြင်းပွားဖွယ်ပြောင်းရွှေ့ခဲ့ပြီးနောက် ဂါဘရီဗီဂါတစ်ယောက် လုပ်ခလစာအများအပြားရရှိဖွယ်ရှိနေတယ်လို့ ခန့်မှန်းနေကြပါတယ်။ စပိန်သားဟာ အပြောင်းအရွှေ့တစ်လျှောက်လုံးမှာ ထိပ်တန်းအသင်းတွေရဲ့ပစ်မှတ်ဖြစ်ခဲ့ပြီး လီဗာပူး၊ အာဆင်နယ်၊ ချဲလ်ဆီးနဲ့ ယူနိုက်တက်တို့က ချိတ်ဆက်ခဲ့ကြတာဖြစ်ပါတယ်။

အသက် ၂၁ နှစ်သားဟာ အဆုံးသတ်မှာ နာပိုလီအသင်းထံ ပြောင်းရွှေ့ဖွယ်ရှိနေတယ်လို့ ခန့်မှန်းခဲ့ပေမယ့် ဆော်ဒီလိဂ်ကိုသာ ပြောင်းရွှေ့ခဲ့တာဖြစ်ပါတယ်။ ဒါပေမယ့်လည်း နာပိုလီအသင်းနဲ့ ၆ နှစ်စာချုပ် ချုပ်မယ့်အနေအထားမှာ စာချုပ်ဖျက်သိမ်းကြေးမပါဝင်တာကြောင့် အပြောင်းအရွှေ့က ပျက်စီးခဲ့တာဖြစ်ပါတယ်။

အယ်လ်-အက်လီအသင်းက ဗီဂါရဲ့စာချုပ်ဖျက်သိမ်းကြေးယူရိုသန်း ၄၀ ပေးချေပြီး ခေါ်ယူခဲ့ကာ အသင်းမှာ မာရက်ဇ်၊ ဖာမီနို၊ မက်ဆီမင်၊ ကက်ဆီး၊ အိုင်ဘန်နက်ဇ်၊ ဒီမီရယ်၊ မန်ဒီတို့နဲ့ ပေါင်းဆုံတော့မှာဖြစ်ပါတယ်။

မာကာသတင်းဌာနက အသက် ၂၁ နှစ်အရွယ်စပိန်သားဟာ ဆော်ဒီမြေမှာ လုပ်ခလစာအများအပြားရရှိဖွယ်ရှိနေတယ်လို့ ဖော်ပြခဲ့ပါတယ်။ တကယ်လို့ ဗီဂါအနေနဲ့ အယ်လ်-အက်လီအသင်းနဲ့ ၃ နှစ်စာချုပ် ချုပ်ဆိုခဲ့မယ်ဆိုရင် စုစုပေါင်းယူရိုသန်း ၃၀ ရရှိမှာဖြစ်ပါတယ်။

အဆိုပါပမာဏဟာ ဆယ်လ်တာအသင်းမှာ သူရရှိနေတဲ့လစာရဲ့အဆ ၂၀ လောက်ရှိနိုင်တယ်လို့ သိရပြီး အနာဂတ်မှာလည်း ဘာအတားအဆီးမှမရှိပဲ အသင်းသစ်ကို ပြောင်းနိုင်တာဖြစ်ပါတယ်။ လူငယ်ကစားသမားတစ်ဦးအနေနဲ့ ဆော်ဒီမြေကို ပြောင်းတာကြောင့် အဆိုးမြင်မှုတွေရှိနေတာဖြစ်ပြီး ရီးရဲလ်ကွင်းလယ်လူ တိုနီခရူးစ်ကိုယ်တိုင်က ရှက်စရာဆိုတဲ့စကားလုံးနဲ့ ဝေဖန်ခဲ့ပါတယ်။

ဂျာမန်သားက အဆိုပါကွန်းမန့်ကို ရိုမာနိုတင်ထားတဲ့ ဗီဂါရဲ့ အပြောင်းအရွှေ့ပို့စ်အောက်မှာ မန့်ခဲ့တာဖြစ်ပါတယ်။ ကစားသမားအသစ်တွေနဲ့အတူ အယ်လ်-အက်လီအသင်းဟာ ဆော်ဒီပရိုလိဂ်အဖွင့်ပွဲ ၃ ပွဲမှာ ၃ ပွဲစလုံးကို အနိုင်ရရှိထားပါတယ်။

အယ်လ်-အက်ဒေါ့ဒ်အသင်းနဲ့ပွဲမှာ ကက်ဆီးက အနိုင်ဂိုး သွင်းယူနိုင်ခဲ့ပြီး ၁၀၀% စံချိန်ကို ဆက်ထိန်းနိုင်ခဲ့ကာ အခုအင်္ဂါနေ့မှာတော့ Al-Ta’ee အသင်းနဲ့ရင်ဆိုင်ရမှာဖြစ်ပါတယ်။

#ဗီဂါ #အပြောင်းအရွှေ့ #ဆော်ဒီ