ရှေ့သို့
Image

ဖီနာဘာချီဂိုးသမား ဘယင်ဒါကို ပေါင် ၄ ဒဿမ ၃ သန်းနဲ့ အပြီးသတ်ခေါ်ယူနိုင်တော့မယ့် ယူနိုက်တက်

2:22 PM, 28 August

မန်ချက်စတာယူနိုက်တက်ဟာ ခရစ္စတယ်ပဲလေ့စ်သို့ ပေါင်သန်း ၂၀ နဲ့ပြောင်းရွှေ့ဖို့အလွန်နီးစပ်နေတဲ့ ဂိုးသမား ဒင်းဟန်ဒါဆန်ရဲ့နေရာမှာ အစားထိုးရန် ဖီနာဘာချီဂိုးသမား အယ်လ်တေးဘယင်ဒါကို ပေါင် ၄ ဒဿမ ၃ သန်းနဲ့ အပြီးသတ်ခေါ်ယူဖို့ ပြင်ဆင်နေပြီလို့သိရှိရပါတယ်။

ယူနိုက်တက်က အသင်းရဲ့နံပါတ် ၁ ဂိုးသမား အန်ဒရေအိုနာနာရဲ့အရန်အဖြစ် ဒင်းဟန်ဒါဆန်ကို အသုံးချလိုသော်လည်း ကစားသမားက ခရစ္စတယ်ပဲလေ့စ်သို့ ထွက်ခွာရန်နီးစပ်နေတာကြောင့် တူရကီဂိုးသမား ဘယင်ဒါကို ပစ်မှတ်ထားလာခဲ့တာဖြစ်ပါတယ်။ ဖီနာဘာချီအသင်းဟာ ကြာသပတေးနေ့က ဥရောပကွန်းဖရန့်လိဂ်ပွဲစဉ်အဖြစ် တွမ်တီအသင်းနဲ့ ယှဉ်ပြိုင်ခဲ့ရာ ၅-၁ နဲ့ အနိုင်ရရှိခဲ့ပြီး ဂိုးသမား ဘယင်ဒါကို အရန်ခုံမှာသာ ထိုင်စေခဲ့ပါတယ်။ ပွဲအပြီးမှာတော့ ဂိုးသမားဟာ ယူနိုက်တက်သို့ပြောင်းရွှေ့ဖို့ ပြင်ဆင်နေကြောင်း ပရိသတ်တွေကို နှုတ်ဆက်စကားပြောကြားခဲ့တာဖြစ်ပါတယ်။

ယူနိုက်တက်ဟာ ကစားသမားသစ်ဝယ်ယူရန် အသင်းရဲ့ကစားသမားတွေကိုရောင်းချဖို့လိုအပ်နေသော်လည်း နောက်ခံလူဟယ်ရီမက်ဂွါရီရဲ့ အနာဂတ်ဟာ အသင်းမှာပဲ ဆက်လက်ကျန်ရှိဖို့များနေပြီး နောက်ထပ်နောက်ခံလူ တစ်ဦးဖြစ်တဲ့ ဂျွန်နီအီဗန်စ်ကိုလည်း ၁ နှစ်သက်တမ်းရှိစာချုပ်တစ်ရပ် ချုပ်ဆိုဖို့ မျှော်လင့်နေတာဖြစ်ပါတယ်။ အင်္ဂလန်နောက်ခံလူ မက်ဂွါရီကိုခေါ်ယူရန် ဝက်စ်ဟမ်းအသင်းက ယူနိုက်တက်နဲ့ဆွေးနွေးမှုများ ပြန်လည်ပြုလုပ်ခဲ့တယ်လို့ သတင်းများထွက်ပေါ်ခဲ့သော်လည်း ကစားသမားက ပြောင်းရွှေ့ဖို့ စိတ်အားထက်သန်မှုရှိမရှိစောင့်ကြည့်သွားရ မှာဖြစ်ပါတယ်။

အပြောင်းအရွှေ့ကာလက သောကြာနေ့မှာကုန်ဆုံးတော့မှာဖြစ်တာကြောင့် ယူနိုက်တက်အနေနဲ့ နောက်ထပ်ကစားသမားဖြည့်တင်းမှုတွေအတွက် အသင်းရဲ့ကစားသမားတွေကို အချိန်မှီရောင်းချနိုင်ဖို့ လိုအပ်နေတာဖြစ်ပါတယ်။ ယူနိုက်တက်ဟာ ဖီအိုရင်တီးနား ကွင်းလယ်လူ အမ်မရာဘတ်ကိုခေါ်ယူဖို့ အပြင်းအထန်ချိတ်ဆက်ခဲ့သော်လည်း ယခုချိန်အထိတော့ တရားဝင်ကမ်းလှမ်းမှုမပြုလုပ်ရသေးပါဘူး။

အသင်းအနေနဲ့ ယခုအပတ်အတွင်း ကစားသမားရောင်းချမှုများပြုလုပ်နိုင်ခဲ့ပါက အပြောင်းအရွှေ့ကာလမပိတ်ခင် အဆိုပါမော်ရိုကိုလက်ရွေးစင်ကို ခေါ်ယူနိုင်ဖို့အခွင့်အရေးရှိလာမှာဖြစ်ပါတယ်။

#မန်ချက်စတာယူနိုက်တက် #အပြောင်းအရွှေ့ #ဖီနာဘာချီ #ဘယင်ဒါ