ရှေ့သို့
Image

အာဆင်နယ်မှာ နေရာမရတော့တဲ့နောက် ဆိုစီဒက်ကို တစ်ရာသီအငှားနဲ့ ပြောင်းရွှေ့ခဲ့ပြီဖြစ်တဲ့ တီယာနေး

10:18 AM, 28 August

အာဆင်နယ်အသင်းကတော့ ဘယ်နောက်ခံလူ တီယာနေးတစ်ယောက် ဆိုစီဒက်အသင်းထံ တစ်ရာသီအငှားထွက်ကစားခဲ့ပြီလို့ အတည်ပြုလိုက်ပါတယ်။

အသက် ၂၆ နှစ်သားဟာ အာဆင်နယ်အသင်းရဲ့ပရီးမီးယားလိဂ်အဖွင့်ပွဲ ၃ ပွဲကို မပါဝင်ခဲ့ပဲ အသင်းပြောင်းဖို့ နီးစပ်ခဲ့တာဖြစ်ပါတယ်။ တီယာနေးဟာ ၂၀၁၉ ကတည်းက အာဆင်နယ်အသင်းထံ ပြောင်းလာခဲ့တာဖြစ်ပြီး ပွဲပေါင်း ၁၂၄ ပွဲအထိ ပါဝင်ကစားခဲ့ပေမယ့် ဒဏ်ရာပြဿနာတွေနဲ့သာ ရုန်းကန်ခဲ့ရပါတယ်။

“တီယာနေးက ဆိုစီဒက်အသင်းထံ တစ်ရာသီအငှားနဲ့ ပြောင်းရွှေ့သွားခဲ့ပါပြီ။ အာဆင်နယ်က လူတိုင်းက ကီရန်တစ်ယောက် စပိန်မြေမှာ အဆင်ပြေပါစေလို့ ဆုတောင်းနေကြပါတယ်”လို့ အာဆင်နယ်အသင်းက ကြေညာချက် ထုတ်ပြန်ခဲ့ပါတယ်။

တီယာနေးကတော့ သူ့အနေနဲ့ အသင်းမပြောင်းခင် အာဆင်နယ်အသင်းခေါင်းဆောင် အိုဒီဂတ်နဲ့ စကားပြောဆိုဖြစ်ခဲ့တယ်လို့ ထုတ်ဖော်ပြောကြားခဲ့ပါတယ်။ အိုဒီဂတ်ဟာ ၂၀၁၉ - ၂၀ ရာသီတုန်းက ရီးရဲလ်အသင်းထံကနေ ဆိုစီဒက်အသင်းထံမှာ အငှားကစားခဲ့ဖူးတာဖြစ်ပါတယ်။

“ကျွန်တော့်ခံစားချက်ကကောင်းနေပါတယ်။ လူတိုင်းက သူငယ်ချင်းလိုဆက်ဆံကြပြီး ဒီမြို့ နဲ့ ဘောလုံးကွင်းက အရမ်းလှပါတယ်။ အဲ့တာက ကြီးမားတဲ့ပြောင်းလဲမှုပါ။ ဒါပေမယ့် ကျွန်တော် အများကြီးမျှော်လင့်ထားပါတယ်။ စိန်ခေါ်မှုအတွက် ကျွန်တော်စိတ်လှုပ်ရှားနေပါတယ်။ ဒီမှာရှိနေရတာကို ဝမ်းသာမိပါတယ်။ မာတင်နဲ့လည်း စကားပြောဖြစ်ခဲ့ပြီး ဒီက ပရိသတ်တွေနဲ့လူတွေက အရမ်းကိုကြိုဆိုကြတယ်ဆိုတာ ပြောပြခဲ့ပါတယ်”လို့ တီယာနေးက ပြောကြားခဲ့ပါတယ်။

အာဆင်နယ်ဟာ တီယာနေးကို အပြီးသတ်ရောင်းထုတ်ချင်ခဲ့ပေမယ့် စပိန်ကလပ်က အငှားနဲ့သာ ခေါ်ယူချင်ခဲ့တာဖြစ်ပါတယ်။

#အာဆင်နယ် #ဆိုစီဒက် #အပြောင်းအရွှေ့ #တီယာနေး