ရှေ့သို့
Image

ကွင်းလယ်ဒိုင်ကို ဆဲဆိုခဲ့တာကြောင့် ပြင်းထန်တဲ့အရေးယူမှုနဲ့ ရင်ဆိုင်ရနိုင်တဲ့ ဗန်ဒိုက်

10:10 AM, 28 August

လီဗာပူးအသင်းခေါင်းဆောင် ဗာဂျီဗန်ဒိုက်ဟာ ယမန်နေ့ည နယူးကာဆယ်နဲ့ ပွဲစဉ်အတွင်း အနီကတ်နဲ့ထုတ်ခံရချိန် ကွင်းလယ်ဒိုင်ကို ဆဲဆိုခဲ့တာကြောင့် အက်ဖ်အေရဲ့ ပြင်းထန်တဲ့အရေးယူမှုနဲ့ ရင်ဆိုင်ရနိုင်ကြောင်း သိရပါတယ်။

နယ်သာလန်သားဟာ ယမန်နေ့ညက ပြိုင်ဘက်တိုက်စစ်မှူး အီဆက်ကို ကစားပုံကြမ်းတမ်းခဲ့တာကြောင့် တိုက်ရိုက်အနီကတ်ပြ ထုတ်ပယ်ခံခဲ့ရပါတယ်။ နယူးကာဆယ်က တစ်ယောက်အသာနဲ့ ဦးဆောင်ဂိုးတစ်ဂိုး သွင်းထားနိုင်ပေမယ့် ဒါဝင်နူနက်ဇ်ရဲ့နောက်ကျဂိုးနှစ်ဂိုးကြောင့် လီဗာပူးအသင်း အံ့အားသင့်ဖွယ် နိုင်ပွဲရယူနိုင်ခဲ့ပါတယ်။

ဗန်ဒိုက်ဟာ ပုံမှန်အားဖြင့် တစ်ပွဲပယ်ခံရမှာဖြစ်ပေမယ့် ကွင်းလယ်ဒိုင် ဂျွန်ဘရွတ်စ်ရဲ့ မျက်နှာကို လက်ညိုးဖြင့်ထိုးခြင်း၊ ဆဲဆိုမှုတွေပြုလုပ်ခြင်း၊ ကွင်းထဲကထွက်ခွာဖို့ ငြင်းဆန်ခြင်း၊ စတုတ္ထဒိုင် ခရိတ်ပေါလ်ဆင်နဲ့ အချေအတင် စကားများခဲ့ခြင်းတို့ကြောင့် အက်ဖ်အေရဲ့ အရေးယူမှုနဲ့ ရင်ဆိုင်ရနိုင်ကြောင်း သိရပါတယ်။ ကွင်းလယ်ဒိုင်ဟောင်း မိုက်ဒင်းက "ဗန်ဒိုက်ဟာ ကွင်းလယ်ဒိုင်ရဲ့ ဆုံးဖြတ်ချက်ကို သဘောမတူခဲ့ဘဲ စတုတ္ထဒိုင် ခရိတ်ပေါလ်ဆင်နဲ့ အချေအတင် စကားများခဲ့ပါတယ်"လို့ ပြောခဲ့ပါတယ်။

ကွင်းလယ်ဒိုင်ရဲ့ အစီရင်ခံစာထဲ ရေးထားတဲ့အပေါ်မူတည်ပြီး ဗန်ဒိုက်တစ်ယောက် ပြစ်ဒဏ်ကျခံရဖို့ ရှိနေပါတယ်။ အက်ဖ်အေရဲ့စည်းမျဉ်းအရ ကစားသမားတွေဟာ မလျော်ကန်တဲ့ ပြောဆိုမှုကြောင့် ပိုမိုပြင်းထန်တဲ့ ပြစ်ဒဏ်ကျခံရနိုင်ကြောင်း သိရပါတယ်။

ယခင်ကလည်း ကနဦး တိုက်ရိုက်အနီ ပြသခံရတဲ့ ကစားသမားတွေအနေနဲ့ မလျော်ကန်တဲ့ အပြုအမူကြောင့် ပွဲပယ်ပြစ်ဒဏ်ကျခံရတဲ့ သာဓကတွေ ရှိခဲ့ဖူးပါတယ်။

#လီဗာပူး #နယူးကာဆယ် #ဗန်ဒိုက် #ပရီးမီးယားလိဂ်