ရှေ့သို့
Image

ချဲလ်ဆီးအသင်းရဲ့ ဘယ်နောက်ခံလူ ကူကူရယ်လာကိုခေါ်ယူဖို့ ချိတ်ဆက်မှုတွေပြုလုပ်‌နေတဲ့ ယူနိုက်တက်

12:23 PM, 27 August

မန်ချက်စတာယူနိုက်တက်အသင်းဟာ ချဲလ်ဆီးအသင်းမှာ ပုံမှန်ပွဲထွက်ခွင့်ပျောက်ဆုံးနေတဲ့ ဘယ်နောက်ခံလူ ကူကူရယ်လာကို အငှားစာချုပ်နဲ့ခေါ်ယူနိုင်ဖို့ချိတ်ဆက်မှုတွေပြုလုပ်နေတယ်လို့ သိရှိရပါတယ်။


ယူနိုက်တက်ဟာ အသင်းရဲ့ဘယ်နောက်ခံလူတွေဖြစ်တဲ့ လုခ်ရှောနဲ့ မာလာစီယာတို့ရဲ့ဒဏ်ရာပြဿနာတွေကြောင့် အခက်ကြုံနေရပြီး ကူကူရယ်လာနဲ့အစားထိုးနိုင်ဖို့ရည်ရွယ်နေတာဖြစ်ပါတယ်။ 


မာလာစီယာကတော့ နောက်လအတွင်းပြန်ကစားနိုင်မှာဖြစ်ပေမယ့် အားထားရတဲ့ အင်္ဂလန်ကြယ်ပွင့် လုခ်ရှောကတော့ ဒဏ်ရာအတိမ်အနက်ကို ယခုအချိန်ထိ မသိရှိရသေးတာကြောင့် ပွဲထွက်ကစားဖို့ ကာလအတန်ကြာ အချိန်ယူရဦးမှာဖြစ်ပါတယ်။


ယမန်နေ့က နော်တင်ဟမ်ဖောရက်စ်နဲ့ပွဲစဉ်မှာ ဒီယေဂို ဒါလော့ကို ဘယ်နောက်ခံကစားသမားအဖြစ် ယာယီထည့်သွင်းအသုံးပြုခဲ့သော်လည်း ထင်သလောက် ခြေစွမ်းမပြနိုင်တာကြောင့် ယူနိုက်တက်အနေနဲ့ ဘယ်နောက်ခံ ကစားသမားသစ်ခေါ်ယူဖို့ လိုအပ်နေတာဖြစ်ပါတယ်။ 


ဒါ့အပြင် ယူနိုက်တက်ဟာ ယခုနွေရာသီမှာ လက်စတာမှထွက်ခွာပြီး အလွတ်အေးဂျင့်ဖြစ်နေတဲ့ ချဲလ်ဆီးနောက်ခံလူဟောင်း ရိုင်ယန်ဘာထရန်ကို ခေါ်ယူဖို့ကြိုးစားနေတယ်လို့ကောလဟာလတွေလည်း ထွက်ပေါ်နေပါတယ်။ ဒါပေမယ့် ဖာဘရီဇီယိုရိုမန်နိုရဲ့အဆိုအရ ယခုအခါ ယူနိုက်တက်ဟာ ကူကူရယ်လာကိုခေါ်ယူရန် ‌ချဲလ်ဆီးအသင်းနဲ့ချိတ်ဆက်မှုတွေပြုလုပ်နေပြီဖြစ်တယ်လို့သိရှိရပါတယ်။ 


စပိန်လက်ရွေးစင်ကစားသမားကိုခေါ်ယူရန် ယူနိုက်တက်တို့က ကစားသမားရဲ့အခြေအနေတွေကို စုံစမ်းမှုတွေပြလုပ်ခဲ့ပေမယ့် အပြောင်းအရွှေ့ဖြစ်ပေါ်ရန် ကနဦးကမ်းလှမ်းချက် နဲ့ခိုင်မာတဲ့ဆွေးနွေးမှုပြုလုပ်ထားခြင်းမရှိသေးပါဘူး။


ဘယ်နောက်ခံနေရာအတွက် အသင်းနည်းပြတန်ဟက်ပစ်မှတ်ထားနေတဲ့ ကစားသမား ၃ ဦးအထိရှိနေကြောင်းနဲ့ တန်ကြေးကြီးမားတဲ့ ကစားသမားတွေမဟုတ်ကြောင်း အခိုင်အမာဆိုထားပါတယ်။ ဘရိုက်တန်မှာခြေစွမ်းကောင်းတွေပြသနိုင်ခဲ့တဲ့ ကူကူရယ်လာကို ပြီးခဲ့တဲ့နွေရာသီမှာ ချဲလ်ဆီးအသင်းက ပေါင် ၆၂ သန်းနဲ့ခေါ်ယူခဲ့ပေမယ့် ကစားသမားက စတန်းဖို့ဒ်ဘရစ်ခ်ျမှာခြေစွမ်းပြဖို့ ရုန်းကန်နေရတာကြောင့် ယခုနွေရာသီမှာတော့ အသင်းမှရှင်းထုတ်ရန် စိတ်အားထက်သန်နေတာဖြစ်ပါတယ်။ 


သို့သော်လည်း စပိန်လာလီဂါကလပ်တွေနဲ့ ဆော်ဒီကလပ်တွေအပြင် နယူးကာဆယ်ကပါစိတ်ဝင်စားနေတဲ့ အသက် - ၂၅ နှစ်အရွယ်ကူကူရယ်လာဟာ ချဲလ်ဆီးအသင်းမှာပဲ ဆက်နေပြီး ၎င်းရဲ့နေရာအတွက် ဘင်ချီဝဲလ်၊ ရီစီဂျိမ်းစ်တို့နဲ့အပြိုင် တိုက်ပွဲဝင်လိုနေတာဖြစ်ပါတယ်။ 


ကူကူရယ်လာဟာ ချဲလ်ဆီးအသင်းရဲ့ ပရီးမီးယားလိဂ်ပွဲစဉ် ၃ ပွဲစလုံးမှာအရန်ခုံထိုင်ခဲ့ရပြီး နည်းပြပိုချက်တီနိုကလည်း လူးဝစ်ဟောကို နယူးကာဆယ်သို့ လက်လွှတ်ခဲ့ရပြီးနောက် ဘယ်နောက်ခံနေရာမှာ မက်စတင်းကိုပဲ ဒုတိယဦးစားပေးအနေနဲ့ ရွေးချယ်ခဲ့တာဖြစ်ပါတယ်။ ချဲလ်ဆီးအသင်းဟာ ကူကူရယ်လာကို အငှားချမယ့်အစား အပြီးသတ်ရောင်းချလိုတာကြောင့် ယူနိုက်တက်အနေနဲ့ ဘယ်လိုနည်းလမ်းနဲ့ခေါ်ယူသွားနိုင်မလဲဆိုတာ စောင့်ကြည့်သွားရမှာဖြစ်ပါတယ်။

#မန်ချက်စတာယူနိုက်တက် #ချဲလ်ဆီး #ကူကူရယ်လာ #ပရီးမီးယားလိဂ်