ရှေ့သို့
Image

ယမန်နေ့ညပိုင်းနိုင်ပွဲမှာ ဘရူနိုဖာနန်ဒက်ဇ်ရဲ့စွမ်းဆောင်ရည်ပိုင်းအပေါ် ချီးကျူးလိုက်တဲ့ နည်းပြတန်ဟက်

8:45 AM, 27 August

ယမန်နေ့ညပိုင်း၊ အိုးထရက်ဖို့ဒ်မှာ နော်တင်ဟမ်ဖောရက်စ်ကို ၃-၂ ဂိုးဖြင့် အနိုင်ရရှိခဲ့တဲ့ လိဂ်ပွဲစဉ်အတွင်း ဘရူနိုဖာနန်ဒက်ဇ်ရဲ့အသင်းခေါင်းဆောင်ပီသတဲ့ စွမ်းဆောင်ရည်ပိုင်းအပေါ် မန်ချက်စတာယူနိုက်တက်နည်းပြတန်ဟက်က ချီးကျူးပြောဆိုခဲ့ပါတယ်။

ဒီပွဲစဉ်မှာ ယူနိုက်တက်က ပွဲအစလေးမိနစ်မှာပဲ ပြိုင်ဘက်ကို နှစ်ဂိုးအထိ ပေးခဲ့ရပေမယ့် အဲရစ်ဆင်၊ ကတ်စ်မဲရိုး၊ ဘရူနိုဖာနန်ဒက်ဇ်(ပင်)တို့ရဲ့သွင်းဂိုးတွေနဲ့အတူ အိမ်ကွင်း Comeback နိုင်ပွဲတစ်ပွဲကို ဖော်ဆောင်ခဲ့ပါတယ်။

အသက်-၂၈ နှစ်အရွယ်ကွင်းလယ်ကစားသမားဟာ အသင်းကပ္ပတိန်ကောင်းတစ်ဦးဖြစ်လာရေးအပိုင်းမှာ စိတ်ခံစားမှုတွေ ထွေပြားလွန်းတယ်လို့ မီကာရစ်ချက်စ်အပါအဝင် ဘောလုံးဝေဖန်သုံးသပ်သူတွေရဲ့ ပြောဆိုမှုတွေ ရှိနေစဉ်မှာပဲ ဒတ်ချ်လူမျိုးနည်းပြက ဘရူနိုဖာနန်ဒက်ဇ်ကို ယုံယုံကြည်ကြည်တာဝန်ပေးအပ်ခဲ့ပါတယ်။

ပေါ်တူဂီလက်ရွေးစင်ကစားသမားကလည်း ကောင်းမွန်တဲ့ ကွင်းတွင်းဦးဆောင်မှုနဲ့အတူ ပင်နယ်တီသွင်းဂိုးအပြင် ဂိုးဖန်တီးမှုတစ်ကြိမ်ကိုပါ စွမ်းဆောင်ရင်း နည်းပြရဲ့ယုံကြည်မှုအပေါ် အကောင်းဆုံးပေးဆပ်ပြခဲ့ပါတယ်။

တန်ဟက်က “ဘရူနိုဖာနန်ဒက်ဇ်က ကဏ္ဍပေါင်းစုံမှာ အမြင့်ဆုံးအဆင့်အတန်းမျိုးနဲ့ အရမ်းကောင်းမွန်တဲ့ ပွဲစဉ်တစ်ခုကို ကစားခဲ့ပါတယ်။

သူက စိတ်ခံစားမှုတွေကို ထိန်းချုပ်ရင်း တည်တည်ငြိမ်ငြိမ်ကစားနိုင်ခဲ့ပါတယ်။ သူ့ရဲ့တိုက်စစ်ကစားဟန်က ထက်မြက်လွန်းခဲ့ပြီး ကွဲပြားမှုတစ်ခုကို ဖန်တီးနိုင်ခဲ့ပါတယ်။ ဘရူနိုဖာနန်ဒက်ဇ်ရဲ့စွမ်းဆောင်ရည်ပိုင်းနဲ့ ပတ်သက်လို့ ကျွန်တော် အရမ်းကျေနပ်ပျော်ရွှင်မိပါတယ်”လို့ ပြောပါတယ်။

အခုနိုင်ပွဲမှာ ယူနိုက်တက်က ပြိုင်ဘက်ကို ပွဲချိန်အစောပိုင်းမှာပဲ သွင်းဂိုးနှစ်ဂိုးခွင့်ပြုပေးခဲ့ရတာအပြင် နော်တင်ဟမ်ဖောရက်စ်ရဲ့ အဆုံးသတ်ပိုင်းအားနည်းမှုတွေနဲ့အတူ အိမ်ရှင်အသင်းအတွက် အနိုင်ဂိုးဖြစ်လာစေမယ့် ပယ်နယ်တီအခွင့်အရေးတွေအတွက် ဝေဖန်စရာတွေ ရှိလာခဲ့ပါတယ်။ ယူနိုက်တက်နည်းပြကတော့ အသင်းကစားသမားတွေရဲ့ ပွဲအပေါ်အာရုံစူးစိုက်မှုကို သဘောကျမိတယ်လို့ ပွဲအပြီးမှာ ထုတ်ဖော်ပြောကြားလိုက်ပါတယ်။

“စိတ်ဓါတ်ပိုင်းနဲ့ စွမ်းအားပိုင်းက ကြီးမားလွန်းပါတယ်။ ဒီအသင်းရဲ့ ပြန်လာနိုင်စွမ်းကို ကျွန်တော်တို့ မြင်တွေ့ဖူးခဲ့ပါတယ်။ အခုလိုညံ့ဖျင်းတဲ့စတင်မှုတစ်ခု ရှိခဲ့မယ်ဆိုရင် ဒါကို ကျော်ဖြတ်ပြနိုင်ဖို့ လိုအပ်ပါတယ်။ ဒီလိုကျော်ဖြတ်ပြဖို့ဆိုတာ မလွယ်ကူပေမယ့် ယူနိုက်တက်ကစားသမားတွေကို ချီးကျူးရပါလိမ့်မယ်။

ကျွန်တော်တို့မှာ အရည်အသွေးကောင်းတွေ ရှိပါတယ်။ အချို့အခိုက်အတန့်တွေမှာ သေချာပေါက် တိုးတက်လာရမယ့်အပိုင်းတွေရှိနေသေးပေမယ့် ယေဘုယျအားဖြင့်တော့ ဒီအသင်းမှာ အချိန်ပြည့် ပြန်လည်နိုးထနိုင်စွမ်းရှိတဲ့ စရိုက်လက္ခဏာတွေ ပိုင်ဆိုင်ထားပါတယ်”လို့ တန်ဟက်က ဆိုပါတယ်။

အခုပွဲစဉ်အတွက် ပွဲချိန်ပြည့်ခရာမှုတ်ပြီးချိန်မှာ ယူနိုက်တက်ပရိသတ် ၅၀၀၀ ဝန်းကျင်က အိုးထရက်ဖို့ဒ်ကွင်းတွင်းမှာပဲ အသင်းပိုင်ရှင်ဂလေဇာမိသားစုအပေါ် ဆန့်ကျင်ဆန္ဒပြခဲ့ပါတယ်။

ပြီးခဲ့တဲ့နိုဝင်ဘာလအတွင်း ထုတ်ပြန်ကြေညာခဲ့တဲ့ မဟာဗျူဟာပြန်လည်သုံးသပ်မှုဆုံးဖြတ်ချက်နဲ့ အချိန်ဇယားသတ်မှတ်မှုတွေမှာ မရေရာမှုတွေရှိနေတယ်လို့ ဝေဖန်သံတွေထွက်ပေါ်နေချိန်မှာပဲ ၁၉၅၈ လို့ အမည်ပေးထားတဲ့ ယူနိုက်တက်အသင်းပရိသတ်အုပ်စုက အသင်းပိုင်ရှင်မိသားစုအပေါ် တုံ့ပြန်ဆန္ဒပြခဲ့တာပါ။

ရှိတ်ဂျက်ဆန်နဲ့ ဆာဂျင်ရတ်ကလစ်တို့က ယူနိုက်တက်ကို ဝယ်ယူဖို့ ကမ်းလှမ်းထားပေမယ့် အောင်မြင်မှုရှိ၊မရှိ နှစ်ဖက်စလုံးမှ ထုတ်ပြန်လာတာမျိုး မတွေ့ရသေးပါဘူး။

ဒီလိုအခြေအနေတွေကြားမှာပဲ ယူနိုက်တက်ကို ဂလေဇာမိသားစုက ဆက်လက်ချုပ်ကိုင်သွားမယ့် အလားအလာအပေါ် စိုးရိမ်မှုတွေ မြင့်တက်လာခဲ့ပါတယ်။

တန်ဟက်က “လူတိုင်းမှာ ကိုယ်ပိုင်ထင်မြင်ယူဆချက်တွေရှိပေမယ့် ပရိသတ်နဲ့ အသင်းကြားမှာ ခိုင်မာတဲ့သံယောဇဉ်တစ်ခု ရှိတယ်ဆိုတာလည်း မြင်တွေ့ကြရပါလိမ့်မယ်။

ကျွန်တော် ရှိနေတဲ့ ဒီအချိန်အတွင်းမှာ ဒီသံယောဇဉ်က ပိုမိုအားကောင်းလာခဲ့ပြီး ဒီနေ့မှာဆိုရင်လည်း ကြီးမားတဲ့ Comeback နိုင်ပွဲတစ်ခုရဲ့အကူအညီနဲ့အတူ ဒါကို ပိုအားကောင်းလာအောင် ကျွန်တော်တို့ လုပ်နိုင်ခဲ့ပါတယ်။

အိမ်ကွင်း၊ အဝေးကွင်းပွဲစဉ်တွေမှာလည်း အသင်းပရိသတ်တွေရဲ့ ကြီးမားတဲ့အားပေးမှုကို ရရှိနေပါတယ်”လို့ ဆက်ပြောခဲ့ပါတယ်။

#မန်ချက်စတာယူနိုက်တက် #ဖာနန်ဒက်စ် #တန်ဟတ် #ပရီးမီးယားလိဂ်