ရှေ့သို့
Image

ကျောဒဏ်ရာခွဲစိတ်ထားပေမယ့် အနားမယူဘဲ ရှက်ဖီးလ်ယူနိုက်တက်နဲ့ပွဲစဉ်အတွက် ပြင်ဆင်နေတဲ့ ပက်ဂွါဒီယိုလာ

4:18 PM, 26 August

လာမယ့်တနင်္ဂနွေနေ့၊ ရှက်ဖီးလ်ယူနိုက်တက်နဲ့ ရင်ဆိုင်ကစားရမယ့် မန်စီးတီးရဲ့ပရီးမီးယားလိဂ်အဝေးကွင်းပွဲစဉ်မှာ ပက်ဂွါဒီယိုလာက သူ့ရဲ့အသင်းကို စပိန်မြေမှတဆင့် တိုက်ရိုက်ကိုင်တွယ်သွားပါလိမ့်မယ်။

နောက်ကျောဒဏ်ရာကိုခွဲစိတ်ကုသမှုခံယူဖို့ ဘာစီလိုနာမြို့ရှိနေအိမ်ဆီ ပြန်လည်ရောက်ရှိနေတဲ့ ဖလားသုံးလုံးအောင်မြင်မှုရှာဖွေနိုင်ခဲ့တဲ့နည်းပြဟာ မန်စီးတီးရဲ့ပွဲစဉ်နှစ်ပွဲကို လွဲချော်ရဖို့ ရှိနေတာပါ။

ဒါပေမယ့် အလုပ်အပေါ်မြတ်နိုးလွန်းတဲ့ စပိန်သားနည်းပြဟာ ကိုယ့်ရဲ့မွေးရပ်မြေဆီ ပြန်ရောက်နေပေမယ့် လာမယ့်ပွဲစဉ်အတွက် ပြင်ဆင်မှုတွေ ပြုလုပ်ထားတယ်လို့ ပက်ဂွါဒီယိုလာရဲ့လက်ထောက် ဂျူအမ်မာလီလိုက ပြောပါတယ်။

ဒါ့အပြင် ပက်က ဘရာမောလ်လိန်းမှာကစားရမယ့် ပွဲစဉ်ကို တိုက်ရိုက်ကြည့်ရှုနေရုံသာမက ကွင်းတွင်းနည်းစနစ်ဧရိယာမှာရှိနေမယ့် လီလိုနဲ့လည်း ဆက်သွယ်မှုလမ်းကြောင်းတစ်ခု ဖွင့်လှစ်ထားမယ်လို့ သိရပါတယ်။

တနင်္ဂနွေနေ့ပွဲစဉ်အတွက် ပက်ဂွါဒီယိုလာရဲ့အခန်းကဏ္ဍကို မေးမြန်းလာချိန် လီလိုက "အမှန်ပါပဲ၊ ပက်က အမြဲတမ်းရှိနေပါလိမ့်မယ်။ သူက ရှက်ဖီးလ်နဲ့ပွဲစဉ်ကို ကြည့်နေမှာဖြစ်သလို အဆက်အသွယ်လည်း မပြတ်ရှိနေပါလိမ့်မယ်။ တကယ်အရေးကြီးတာက သူ့ရဲ့ကျန်းမာရေးပါ။ ပက်ဂွါဒီယိုလာဆိုတဲ့လူကို သူ့ရဲ့ကျန်းမာရေးကတောင် မတားဆီးနိုင်ပါဘူး။ သူက ပွဲအပေါ်အပြည့်အဝအာရုံစိုက်ထားပါတယ်။

ကျောဒဏ်ရာခွဲစိတ်မှုအောင်မြင်ပြီး ပြန်လည်ကောင်းမွန်လာဖို့ အချိန်တစ်ခုတော့ ယူရလိမ့်မယ်လို့ သူ ပြောပြပါတယ်။ သူ အခြေအနေကောင်းနေပါတယ်။ သူအခြေအနေကောင်းနေတာကို မြင်ရလို့ ကျွန်တော်လည်း ဝမ်းသာမိပါတယ်"လို့ပြောပါတယ်။

ဒါပေမယ့် ပွဲကြိုအသင်းလိုက်ပြောဆိုဆွေးနွေးမှုတွေအတွက် တာဝန်ကို လီလိုဆီ ပက်ဂွါဒီယိုလာက လွှဲအပ်ပေးလိုက်ပြီး ပါသင့်ပါထိုက်တဲ့အချက်အလက်တွေကိုလည်း ပက်က ရှင်းပြထားတယ်လို့ သိရပါတယ်။

"ပက်က မျက်နှာချင်းဆိုင်စကားပြောဆိုရတာကို နှစ်သက်သူပါ။ ဒါကြောင့် ပွဲကြိုအသင်းလိုက်ပြောဆိုဆွေးနွေးမှုတွေကို ကျွန်တော်ကိုင်တွယ်ပါမယ်။ ဒီလိုပြောဆိုရတာတွေက သူ့ရဲ့အလုပ်ဆိုတာ ရှင်းပါတယ်။

ပက်ဂွါဒီယိုလာက ဗီဒီယိုကွန့်ဖရန့်တစ်ခု မလုပ်ချင်တာကြောင့် ကျွန်တော်တို့ မလုပ်ပါဘူး။ သူက မျက်နှာချင်းဆိုင်ပြောဆိုရတာမျိုးကိုပဲ လုပ်ချင်သူပါ။

လေ့ကျင့်ရေးအစီအစဉ်အနည်းငယ်တော့ ကျန်ရှိနေပါသေးတယ်။ ပက်ကလည်း သူ့အလုပ်ကို သူဆက်လုပ်နေသလို ပြိုင်ဘက်နဲ့ပတ်သက်လို့၊ အသင်းနဲ့ပတ်သက်လို့ ကျွန်တော်တို့အကြား ပြောဆိုဆွေးနွေးမှု လုပ်ဆောင်ရပါလိမ့်မယ်။

သူညွှန်ကြားထားတဲ့အတိုင်းပဲ  အရာအားလုံး ဆက်သွားနေပါလိမ့်မယ်"လို့ လီလိုက ပြောပါတယ်။

အသက်-၅၇ နှစ်အရွယ်လက်ထောက်နည်းပြလီလိုက ၂၀၂၀ ပြည့်နှစ်မှာ အာတီတာရဲ့နေရာကို ဆက်ခံခဲ့သူဖြစ်ပါတယ်။



#မန်စီးတီး #ဂွါဒီယိုလာ #ရှက်ဖီးလ်ယူနိုက်တက်