ရှေ့သို့
Image

မာဂယ်ဟေးစ်ကို အသင်းမှာ ဆက်ထိန်းထားဖို့ လိုလားနေတဲ့ အာဆင်နယ်နည်းပြ အာတီတာ

3:47 PM, 26 August

အာဆင်နယ်နည်းပြအာတီတာက နွေရာသီ အပြောင်းအရွှေ့ဈေးကွက်မှာ အလုပ်များနေမယ်ဆိုတာကို မျှော်လင့်ထားပေမယ့် နောက်ခံလူမာဂယ်ဟေးစ်ကိုတော့ အသင်းမှာဆက်ထိန်းထားဖို့ လိုလားနေပါတယ်။

ဘရာဇီးသားနောက်ခံလူက အခုနွေရာသီအပြောင်းအရွှေ့ကာလအတွင်း ဆော်ဒီပရိုလိဂ်ကလပ် အယ်လ်အစ်တီဟတ်ရဲ့စိတ်ဝင်စားမှုတွေနဲ့အတူ မက်မောလောက်စရာအပြောင်းအရွှေ့လှုပ်ရှားမှုတစ်ခု ပေါ်ပေါက်လာဖို့ ချိတ်ဆက်ခံနေရတဲ့ နောက်ဆုံးပရီးမီးယားလိဂ် ကြယ်ပွင့်ကစားသမား ဖြစ်လာခဲ့ပါတယ်။

ပြီးခဲ့တဲ့ဘောလုံးရာသီ အာဆင်နယ်ရဲ့ပရီးမီးယားလိဂ်ချန်ပီယံဆုစိန်ခေါ်တဲ့ခရီးလမ်းမှာ အသင်းဖော်ဆာလီဘာနဲ့အတူ အရေးပါတဲ့အခန်းကဏ္ဍမှာ ပါဝင်ခဲ့တဲ့ အသက်-၂၅ နှစ်အရွယ် ကစားသမားဟာ အခုဘောလုံးရာသီသစ်အတွက် အသင်းရဲ့ပရီးမီးယားလိဂ်အဖွင့်ပွဲစဉ် နှစ်ခုမှာတော့ အရန်ခုံပေါ်မှာပဲ ရှိနေခဲ့ရပါတယ်။ ဒီပွဲစဉ်နှစ်ပွဲလုံးကို ဘန်ဝှိုက်က ဆာလီဘာနဲ့အတူ ပွဲထွက်ကစားခဲ့ပေမယ့် ဒီနေ့ညပိုင်း၊ ဖူလ်ဟမ်နဲ့ရင်ဆိုင်ရမယ့် ပွဲစဉ်အတွက် ပွဲကြိုသတင်းစာရှင်းလင်းပွဲအတွင်း နည်းပြအာတီတာက မာဂယ်လ်ဟေးစ်ဟာ သူ့ရဲ့အစီအစဉ်တွေအတွက် အရေးပါတဲ့အစိတ်အပိုင်းအဖြစ် ရှိနေသေးတယ်လို့ ဖွင့်ဟလိုက်ပါတယ်။

အာတီတာက "မာဂယ်ဟေးစ်က ကျွန်တော်တို့အတွက် အရမ်းကိုအရေးပါပါတယ်။ တကယ့်ကိုအရေးကြီးတဲ့ ကစားသမားတစ်ဦးပါ။ လောလောဆယ်တော့ ဘာမှ မဖြစ်လာသေးပါဘူး"လို့ ပြောပါတယ်။ အာဆင်နယ်က အပြောင်းအရွှေ့ဈေးကွက်ပိတ်သိမ်းမယ့် စက်တင်ဘာ ၁ ရက်မတိုင်ခင် စီနီယာကစားသမားခုနစ်ဦးထက်မနည်းကို ရှင်းထုတ်သွားဖို့ ပြင်ဆင်ထားပါတယ်။

မြောက်လန်ဒန်ကလပ်က ဇာခါ၊ မာရီ၊ ထရပ်တီနဲ့ မတ်တာနာတို့ကို အပြီးသတ်ရောင်းချခဲ့သလို ရန်နာဆန်နဲ့ မာကွင်ဟို့စ်တို့ကိုလည်း အငှားချထားဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ ဒါ့အပြင် ဘာလိုဂန်အတွက် မိုနာကိုနဲ့ ပေါင်သန်း ၄၀ တန် သဘောတူညီမှုကို ရရှိခဲ့ပြီးနောက် အမေရိကန်လက်ရွေးစင် တိုက်စစ်ကြယ်ပွင့်ရဲ့ လန်ဒန်မြေခရီးစဉ်ဟာ အဆုံးသတ်ဖို့ နီးစပ်လာခဲ့ပါတယ်။

ပြီးခဲ့တဲ့ဘောလုံးရာသီမှာ ရိမ်းစ်အသင်းဆီ အငှားထွက်ကစားကာ သွင်းဂိုး ၂၁ ဂိုးအထိ ရှာဖွေပြီး ခြေစွမ်းပြသနိုင်ခဲ့တဲ့ ဘာလိုဂန်ကို ချဲလ်ဆီး၊ တော့တင်ဟမ်တို့လို ကလပ်အသင်းတွေက ခေါ်ယူဖို့ စိတ်ဝင်စားခဲ့ပေမယ့် ကစားသမားကတော့ ပရီးမီးယားလိဂ်ပြိုင်ဘက်ကလပ်အသင်းတွေဆီ မပြောင်းရွှေ့ချင်ပါဘူး။

အလားတူ တီယာနေးကလည်း ဆိုစီဒက်ဆီ အငှားဖြင့်ပြောင်းရွှေ့ဖို့ နီးစပ်နေပြီလို့ သတင်းတွေ ထွက်ပေါ်နေပါတယ်။

#အာတီတာ #အာဆင်နယ် #မာဂယ်ဟေးစ် #ပရီးမီးယားလိဂ်