မာရက်ဇ်နေရာ အစားထိုးရန်အတွက် ဘယ်လ်ဂျီယံစတား ဒိုကူကို ခေါ်ယူလိုက်ပြီဖြစ်တဲ့ မန်စီးတီး
9:30 AM, 25 August
ပရီးမီးယားလိဂ်ပြိုင်ပွဲအတွင်း ၃ကြိမ်ဆက် ချန်ပီယံဖြစ်ထားတဲ့ နည်းပြ ပက်ဂွာဒီယိုလာရဲ့ မန်စီးတီးအသင်းက ချန်ပီယံဆုအား ဆက်လက်ကာကွယ်နိုင်ရေးအတွက် ပြင်ဆင်တဲ့အနေဖြင့် ထိပ်တန်းကစားသမားအချို့ကို ခေါ်ယူထားခဲ့သလို အခုတစ်ခေါက်မှာလည်း ညာတောင်ပံတွင် အားထားရတဲ့ အယ်လ်ဂျီးရီးယား တိုက်စစ်ကစားသမား မာရက်ဇ်ရဲ့ နေရာတွင် အစားထိုးရန်အတွက် ဘယ်လ်ဂျီယံလက်ရွေးစင် ကစားသမား ဂျီရီမီဒိုကူကို ခေါ်ယူလိုက်နိုင်ခဲ့ပြီပဲ ဖြစ်ပါတယ်။
ဒိုကူအနေဖြင့် ပြီးခဲ့တဲ့နှစ်ဘောလုံးရာသီတွင် လီဂူးဝမ်းကလပ် ရန်းနက်စ်အသင်း အတွက် ခြေစွမ်းပြ ကစားနိုင်ခဲ့ပြီး လီဂူးဝမ်းကလပ်မှာ ကစားခဲ့တဲ့ ၃နှစ်အတွင်း ပြိုင်ပွဲစုံသွင်းဂိုး ၁၀ ဂိုးနဲ့ ဂိုးဖန်တီးမှု ၁၂ကြိမ်အထိ ပြုလုပ်ပေးထားနိုင်ခဲ့တာလည်း ဖြစ်ပါတယ်။ ဖလား ၃လုံးချန်ပီယံမန်စီးတီးအသင်းအတွက် ယခုတစ်ကြိမ် ဒိုကူအား ခေါ်ယူမှုက ယခုနှစ် ရာသီကြိုအပြောင်းအရွှေ့ကာလအတွင်း တတိယမြောက် ကစားသမား ခေါ်ယူမှု ဖြစ်ခဲ့ပြီး ဒိုကူမတိုင်မီ ကိုဗာဆစ်၊ ဂျီဗာဒီအောတို့ကို ခေါ်ယူထားခဲ့တာ ဖြစ်ပါတယ်။
နည်းပြ ဂွာဒီယိုလာရဲ့ မန်စီးတီးအသင်းက ညာတောင်ပံတွင် အားထားရတဲ့ အဓိက တိုက်စစ်ကစားသမား မာရက်ဇ်အား ယခုနှစ်ရာသီကြိုအပြောင်းအရွှေ့ကာလအတွင်းမှာ ဆော်ဒီပရိုလိဂ်ကလပ် အယ်အာလီအသင်းကို ရောင်းချခဲ့တာကြောင့် နေရာရလာတဲ့ အကယ်ဒမီကစားသမား ပယ်လ်မာအနေဖြင့် ယခု ရန်းနက်စ်အသင်းကနေ ဒိုကူအား ခေါ်ယူလိုက်မှုက ပွဲထွက်ခွင့် အားနည်းလာစေနိုင်တာ ဖြစ်ပါတယ်။
မန်စီးတီးအသင်းက ဒိုကူကို ခေါ်ယူရေးအတွက် အလုပ်လုပ်နေစဉ်တွင် မန်စီးတီးအသင်းရဲ့ နည်းပြ ပက်ဂွာဒီယိုလာ အနေဖြင့် ကတ္တလန်ဒေသကိုရောက်နေပြီး နောက်ကျောခွဲစိတ်မှုခံယူနေတာ ဖြစ်ပါတယ်။ ပရီးမီးယားလိဂ် ချန်ပီယံကလပ်အသင်းအနေဖြင့် ရှေ့လာမယ်ပွဲစဉ်တွင် တန်းတက်ကလပ် ရှက်ဖီးလ်ယူနိုက်တက်အသင်းနဲ့ ယှဉ်ပြိုင်ကစားသွားရမှာ ဖြစ်ပါတယ်။
ဥရောပချန်ပီယံ မန်စီးတီးအသင်းအတွက် ကစားပေးခွင့်ရတော့မယ့် အပေါ် ဒိုကူက “ဒီနေ့ကတော့ ကျွန်တော့်အတွက် တကယ်ကို ထူးခြားကောင်းမွန်တဲ့ နေ့တစ်နေ့ဖြစ်ပါတယ်။ မန်စီးတီးအသင်းဆိုတာက ကမ္ဘာ့ဘောလုံးလောကရဲ့ အကောင်းဆုံးကလပ်အသင်းလေဗျာ။ ဒီအသင်းကို ပြောင်းရွှေ့ကစားခွင့်ရတဲ့အပေါ် ကျွန်တော်ရော၊ ကျွန်တော့်မိသားစု အတွက် တကယ်ခမ်းနားတဲ့ နေ့ရက်တစ်ရက်အဖြစ် အမှတ်ရနေစေမှာပါ” “ကျွန်တော်အသက်က ငယ်နေသေးတာကြောင့် သင်ယူစရာတွေက အများကြီးပါ။ နည်းပြ ပက်ဂွာဒီယိုလာရဲ့ နည်းပြအဖွဲ့အပြင် ကမ္ဘာ့အဆင့် ကစားသမားတွေနဲ့အတူ အလုပ်တွဲလုပ်ရတဲ့အခါ ကျွန်တော်က ပိုကောင်းတဲ့ ကစားသမားတစ်ယောက် ဖြစ်လာမယ်လို့ ထင်ပါတယ်” “ပြီးခဲ့တဲ့နှစ်ဘောလုံးရာသီမှာ မန်စီးတီးအသင်းလုပ်ပြထားခဲ့တာက စိတ်ကူးနဲ့တောင် ပုံဖော်ကြည့်ဖို့ ခက်ခဲတဲ့အရာမျိုးပါ။ ဒါကြောင့် ဒီအသင်းမှာ ကစားခွင့်ရရေးအတွက် မစောင့်နိုင်အောင် ဖြစ်နေပါတယ်”လို့ ဝမ်းမြောက်စကားဆိုလိုက်တာပဲ ဖြစ်ပါတယ်။