ရှေ့သို့
Image

လူတန်တောင်းအသင်းနဲ့ ပွဲမတိုင်ခင် ဒဏ်ရာရ အခြေအနေကို အတည်ပြုလိုက်တဲ့ ချဲလ်ဆီး

9:04 AM, 25 August

ချဲလ်ဆီးအသင်းကတော့ မူဒရစ်ခ်တစ်ယောက် လေ့ကျင့်ခန်းအစီအစဉ်မှာ ဒဏ်ရာ ရခဲ့တာကြောင့် လူတန်တောင်းအသင်းနဲ့ပွဲကို လွဲချော်မယ်လို့ အတည်ပြုလိုက်ပါတယ်။ မူဒရစ်ခ်ရဲ့ကြံ့ခိုင်မှု အခြေအနေက စိုးရိမ်စရာဖြစ်နေပြီး လေ့ကျင့်ခန်းဆင်းချိန်မှာ သူ့ကိုမတွေ့ရပဲ အခုချိန်မှာမှ အသင်းဘက်က ယူကရိန်းသားအခြေအနေကို အတည်ပြုခဲ့တာဖြစ်ပါတယ်။


ပိုချက်တီနိုကတော့ မူဒရစ်ခ်ရဲ့အခြေအနေဟာ အရမ်းမဆိုးဝါးဘူးလို့ ထုတ်ဖော်ပြောကြားထားပါတယ်။ မူဒရစ်ခ်ကတော့ ချဲလ်ဆီးအသင်းရဲ့ ၉ ယောက်မြောက်ဒဏ်ရာရ ကစားသမားဖြစ်လာခဲ့ပြီး လက်ရှိမှာ ဘာဒိုင်းရှီလီ ၊ ဘက်တီနယ်လီ ၊ ချာလိုဘတ် ၊ ဘရိုဂျာ ၊ ချူကွာမီကာ ၊ ဖိုဖာနာ ၊ အန်ကူကူ နဲ့ ရိစ်ဂျိမ်းတို့ ဒဏ်ရာရရှိနေတာဖြစ်ပါတယ်။

ချဲလ်ဆီးထက် ဒဏ်ရာရကစားသမားများတဲ့အသင်းအဖြစ် ရှက်ဖီးလ်ယူနိုက်တက်အသင်းသာ ရှိနေပြီး ကစားသမား ၁၀ ဦးလောက်အထိ ဒဏ်ရာရရှိနေတာဖြစ်ပါတယ်။ ဒဏ်ရာရ ကစားသမားတွေထဲမှာ ဘရိုဂျာ နဲ့ ဘာဒိုင်းရှီလီတို့ ၂ ဦးသာ ပြန်လာနိုင်ဖို့ နီးစပ်နေပြီး အသင်းဘက်က ထုတ်ပြန်ချက်မှာတော့ အဆိုပါကစားသမား ၂ ဦးဟာ ပြန်လည်ကြံ့ခိုင်မှုအပိုင်း လေ့ကျင့်ခန်းအဆုံးသတ်ရောက်နေပြီလို့ ဆိုပါတယ်။

လူတန်တောင်းအသင်းနဲ့ပွဲမှာ ကြံ့ခိုင်မှုပြည့်ဝမလားဆိုတာ မသိသေးပေမယ့် ပိုချက်တီနိုကတော့ ဒဏ်ရာရကစားသမားကို အလျင်စလို အသုံးပြုဖွယ်မရှိတာဖြစ်ပါတယ်။ မူဒရစ်ခ်ကတေ့ အခုရာသီချဲလ်ဆီးအသင်း ၂ ပွဲစလုံးကို အရန်ခုံကနေသာ ပါဝင်ခွင့်ရရှိထားပြီး အသင်းအတွက် ပထမဆုံးဂိုးသွင်းယူနိုင်ဖို့ စောင့်ဆိုင်းနေတာဖြစ်ပါတယ်။

ဒါ့အပြင် အသင်းအတွက် ပြီးခဲ့တဲ့ ၈ လအတွင်း ၁၉ ပွဲကစားထားရာမှာလည်း ဂိုးသွင်းယူနိုင်ခြင်းမရှိသေးတာဖြစ်ပါတယ်။ အခြားတစ်ဖက်မှာလည်း ချဲလ်ဆီးအသင်းဟာ အခုရာသီမှာ ပထမဆုံးနိုင်ပွဲရယူနိုင်ဖို့ စောင့်ဆိုင်းနေရဆဲဖြစ်ကာ လီဗာပူးအသင်းကို ၁-၁ သရေကျခဲ့ပြီးနောက် ပြီးခဲ့တဲ့အပတ်တုန်းက ဝက်စ်ဟမ်းအသင်းကို ၃-၁ နဲ့ အရေးနိမ့်ခဲ့တာဖြစ်ပါတယ်။

#ချဲလ်ဆီး #ပိုချက်တီနို #ပရီးမီးယားလိဂ် #မူဒရစ် #လူတန်တောင်း