လီဗာပူးကို ဒိုကူငြင်းပယ်သွားအောင် မာနေး ဘယ်လိုကူညီပေးခဲ့သလဲဆိုတာ ထွက်ပေါ်လာ
11:16 AM, 23 August
လတ်တလောမှာ မန်စီးတီးဆီ ရောက်ရှိတော့မယ်လို့ သတင်းတွေထွက်ပေါ်နေတဲ့ ဒိုကူက အတိတ်မှာ လီဗာပူးဆီ ပြောင်းရွှေ့နိုင်မယ့်အခွင့်အရေးကို ငြင်းပယ်သွားအောင် ဆာဒီယိုမာနေး ဘယ်လိုကူညီပေးခဲ့သလဲဆိုတာ ထုတ်ပြောလိုက်ပါတယ်။
လတ်တလောမှာ မန်စီးတီးက ဘယ်လ်ဂျီယံတောင်ပံကစားသမားဒိုကူခေါ်ယူဖို့အတွက် ရန်းနက်စ်နဲ့ ယူရို ၅၅ သန်းတန် သဘောတူညီမှု ရရှိထားပြီလို့ သတင်းတွေ ကျယ်ကျယ်ပြန့်ပြန့်ထွက်ပေါ်နေပါတယ်။ လီဂူးဝမ်းကလပ်အတွက် ၉၂ ပွဲကစား၊ ၁၂ ဂိုးအထိ သွင်းယူပေးထားတဲ့ အသက်-၂၁ နှစ်အရွယ် ကစားသမားဟာ ကိုဗာဆစ်၊ ဂျီဗာဒီအောတို့ရဲ့နောက်မှာ အခုနွေရာသီအတွင်း မန်စီးတီးအသင်း ခေါ်ယူတဲ့ တတိယမြောက်ကစားသမားသစ် ဖြစ်လာဖို့ အတော်လေးနီးစပ်နေပါပြီ။
အပြောင်းအရွှေ့တရားဝင်ဖြစ်မြောက်လာဖို့ ဒိုကူက မန်ချက်စတာမြေမှာ ဆေးစစ်မှုခံယူဖို့ ယမန်နေ့မှာ ခရီးထွက်လာတယ်လို့ သိရပါတယ်။ ဝက်စ်ဟမ်း၊ တော့တင်ဟမ်နဲ့ ချဲလ်ဆီးတို့လို လန်ဒန်အခြေစိုက်ပရီးမီးယားလိဂ် ကလပ်အသင်းတွေကလည်း ဒိုကူကို ခေါ်ယူဖို့ စိတ်ဝင်စားခဲ့တယ်လို့ သတင်းတွေမှာ ဖော်ပြပါတယ်။
အလားတူ လွန်ခဲ့တဲ့ငါးနှစ်တာ ကာလတုန်းကလည်း ကစားသမားနဲ့ ပုဂ္ဂိုလ်ရေးအရတွေ့ဆုံဆွေးနွေးဖို့ နည်းပြကလော့ပ်ကို ခွင့်ပြုပေးခဲ့မှုနဲ့အတူ လီဗာပူးဟာ အန်ဒါလက်ချ်အသင်းမှ ဒိုကူကို ခေါ်ယူနိုင်ဖို့ အတော်လေးနီးစပ်ခဲ့ဖူးပါတယ်။ အဲ့ဒီကာလတုန်းက လီဗာပူးအနေဖြင့် ဒိုကူအတွက် လျော်ကြေးပေါင် ၅၀၀,၀၀၀ သာပေးချေပြီး အန်ဖီးလ်မြေဆီ အရောက်ခေါ်ယူနိုင်မယ့် အခွင့်အရေးရှိခဲ့ပါတယ်။
လီဗာပူးဘက်ကလည်း ကစားသမားကို စည်းရုံးဖို့ အဲ့ဒီကာလတုန်းက ယူ-၁၈ အသင်းနည်းပြ ဂျရတ်၊ ဝိုင်နယ်ဒမ်နဲ့ ဆာဒီယိုမာနေးတို့ကို တာဝန်ပေးခဲ့ပါတယ်။ ဒါပေမယ့် ဆာဒီယိုမာနေးကတော့ အသက်-၁၅ နှစ်အရွယ် ကစားသမားကို ခြေစွမ်းတိုးတက်လာရေး အလောတကြီးလုပ်ဆောင်ဖို့ မလိုအပ်ဘူးလို့ ပြောဆိုကာ အန်ဖီးလ်မြေဆီ ပြောင်းရွှေ့လာဖို့ အနည်းအကျဉ်းသာ စည်းရုံးခဲ့တယ်လို့ ဒိုကူက နောက်ပိုင်းမှာ ဖွင့်ဟလာခဲ့ပါတယ်။
Ouest–France နဲ့တွေ့ဆုံချိန် ဒိုကူက “ပရော်ဖက်ရှင်နယ်ကစားသမားဘ၀ အကြိုစာချုပ် ချုပ်ဆိုနိုင်မယ့် ကျွန်တော့်ရဲ့အသက်-၁၆ နှစ်ပြည့် မွေးနေ့ နီးကပ်လာချိန်မှာ အသင်းတော်တော်များများက ကျွန်တော့်ကို စောင့်ကြည့်လာခဲ့ပါတယ်။ လီဗာပူးကတော့ စိတ်အဝင်စားဆုံးဖြစ်သလို အာဆင်နယ်၊ ချဲလ်ဆီးတို့လည်း ပါဝင်ပါတယ်။ ကျွန်တော်ကတော့ မိဘတွေနဲ့အတူ မာဆေးဆိုဒ်ဒေသဆီသွားပြီး ဘောလုံးကွင်း၊ လေ့ကျင့်ရေးကွင်းနဲ့ စာသင်ကျောင်းတို့ကို လေ့လာခဲ့ပါတယ်”
“အသင်းဘက်ကလည်း ကျွန်တော့်အတွက် မိုဆာလက်ဂျာစီတစ်ထည် လက်ဆောင်ပေးခဲ့သလို ကစားသမားတွေနဲ့လည်း တွေ့ဆုံခွင့်ပေးခဲ့ပါတယ်။ ကျွန်တော်က ယာဂန်ကလော့ပ်၊ ဂျရတ်တို့နဲ့အတူ ဆွေးနွေးခဲ့ရပါတယ်။ ဗီဒီယိုမှတ်တမ်းအချို့ကိုလည်း ကြည့်ရှုရပြီး ကစားသမားဘ၀ ဖွံ့ဖြိုးတိုးတက်မှုအကြောင်း ပြောပြကြပါတယ်။ ကျွန်တော်တို့တွေက ဘယ်လ်ဂျီယံသားဖြစ်တဲ့ မစ်ဂနိုလက်၊ နယ်သာလန်မှလာတဲ့ ဝိုင်နယ်ဒမ်တို့နဲ့လည်း တွေ့ခဲ့ရပါတယ်။ ဆာဒီယိုမာနေးနဲ့တော့ ကျွန်တော် စကားတွေ အများကြီး ပြောဖြစ်ခဲ့ပေမယ့် ဘောလုံးအကြောင်းတော့ မပါပါဘူး။ ကျွန်တော်တို့တွေ အခြားအကြောင်းအရာတွေပဲ ဆွေးနွေးခဲ့ကြပါတယ်။ မာနေးကတော့ ကျွန်တော့်ကို မင်းငယ်သေးတယ်၊ အချိန်လည်း ရှိသေးတယ်လို့ ပြောပါတယ်။ သူက ကျွန်တော့်ကို စည်းရုံးတာမျိုး၊ ဒီအသင်းကိုလာရင် မင်းအောင်မြင်လိမ့်မယ်ဆိုတာမျိုး မပြောခဲ့၊ မလုပ်ခဲ့ပါဘူး”လို့ ဖွင့်ဟပြောဆိုလိုက်ပါတယ်။